မြစိမ်းရောင်စီမံကိန်းအတွက် တာချီလိတ်ရှိ ကျေးရွာ ၇ ရွာအား မတည်ငွေ သိန်း ၃၀၀ စီ မတည်ပေးရန် ဆွေးနွေး

မြစိမ်းရောင်စီမံကိန်းအတွက် တာချီလိတ်ရှိ ကျေးရွာ ၇ ရွာအား မတည်ငွေ သိန်း ၃၀၀ စီ မတည်ပေးရန် ဆွေးနွေး
မေ 14, 2014
By Tachileik News Agency

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှုဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မေလ (၁၄)ရက် နံနက် (၉)နာရီက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာညို က “တာချီလိတ်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတွက် ကျေးရွာ(၇) ရွာ ရွေးချယ်ထားကြောင်း၊ ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း(၃၀၀)မတည်ပေးမည်ဖြစ်ကြောင်း၊ ယင်းငွေကျပ်သိန်း(၃၀၀)အား အရင်းမပျောက်စေဘဲ အကျိုးအမြတ်များကို ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် ကော်မတီ(၅)ဆင့်
ဖွဲ့စည်းထားပါကြောင်း၊ အခြေခံအကျဆုံးသည်ကျေးရွာအဆင့်ဖြစ်ပါကြောင်း၊ လုပ်ငန်းများအောင်မြင်ရေး
အတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း” စသည်ဖြင့်ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ရွေးချယ်ထားသော ကျေးရွာများ၏ အခြေအနေများနှင့် ကော်မတီဖွဲ့စည်းမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်တို့က သိလိုသည်များအား မေးမြန်းပြီး အကြံပြုဆွေးနွေးကြသည်။

တာချီလိတ်မြို့နယ် မြစိမ်းရောင်စီမံကိန်းအတွက် ငွေကျပ် သိန်း(၃၀၀) မတည်ပေးမည့် ကျေးရွာ(၇)ရွာမှာ ၀မ်ကော့ ၊ မောတွီ၊ နာတာကျို၊ ဟိုနား(အာခါ) ပါတောင်း၊ ပါသားနှင့် ပန်နင်ကျေးရွာတို့ဖြစ်ကြောင်း သိရှိရသည်။

သတင်း။        ။ မောင်ဆွေငြိမ်း 
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~