ထိုင်းနိုင်ငံရှိ ဦးအောင်ဇေယျစေတီတော်မြတ်ကြီးအား မြန်မာနိုင်ငံဘက်မှ အောင်မြင်စွာဖြင့် ထီးတော်တင်

ထိုင်းနိုင်ငံရှိ ဦးအောင်ဇေယျစေတီတော်မြတ်ကြီးအား မြန်မာနိုင်ငံဘက်မှ အောင်မြင်စွာဖြင့် ထီးတော်တင်
မေ 24, 2014
By Tachileik News Agency

တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သော ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ၀ိန်းဖန်းခမ်းရပ်ကွက်ရှိ လွယ်ပေါင်းတောင်၊ အများအခေါ် ဦးအောင်ဇေယျကုန်း သို့မဟုတ် ကင်းမြီးကောက်တောင်ပေါ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ကုသိုလ်ကောင်းမှုတော်အဖြစ် တည်ထားကိုးကွယ်ထားသည့် ဦးအောင်ဇေယျ ဆုတောင်းပြည့်စေတီတော်အား ထီးတော်တင်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ အကြီးအကဲများ၊ ဘုန်းတော်ကြီးများအနေဖြင့် ထီးတော်တင်လျှင် မအောင်မြင်ဟု လူအပြောများနေသည့် အဆိုပါ စေတီတော်ကို ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၄)ရက် နံနက်(၈း၁၅)နာရီအချိန်က တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး နှင့် ပဲခူးမြို့ ပတ္တမြားဆရာတော်ဘုရားကြီး တို့မှအမှူးပြု၍ ထီးတော်တင် အခမ်းအနားကို ကျင်းပပြုလုပ်ရာ အောင်မြင်စွာဖြင့် ထီးတော်တင်ခြင်းနှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှုတို့၏ ရေစက်ချအခမ်းအနားအား အောင်မြင်စွာဖြင့် ပြီးမြောက်ခဲ့ကြသည်။

အဆိုပါ စေတီတော်မြတ်ကြီးအား ပဲခူးမြို့ ပတ္တမြားဆရာတော် ဘဒ္ဒန္တသုဒ္ဒရ နှင့် တပည့်ဒါယိကာ၊ ဒါယိကာမ များအပါအ၀င် ထိုင်း-မြန်မာ အလှူရှင်များမှ ကျပ်သိန်း(၇၀၀)ကျော် အကုန်အကျခံကာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မှုအဖြစ် တစ်လတိတိ ပြုလုပ်ခဲ့ကြပြီးနောက် တစ်လတိတိပြည့်သည့် ယနေ့ မေလ(၂၄)ရက်မှာ ထီးတော်တင်လှူခြင်းကို ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

စေတီတော်အား တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး နှင့် ပဲခူးမြို့ ပတ္တမြားဆရာတော်ဘုရားကြီးတို့မှ စိန်ဖူးတော်တင်ခြင်းကို ဆောင်ရွက်တော်မူခဲ့ကြပြီးနောက် မြန်မာနိုင်ငံဘက်မှ ဆရာတော်ကြီးများ နှင့် ထိုင်းနိုင်ငံဘက်မှ ဆရာတော်ကြီးများ နှင့် ရဟန်းသံဃာ (၁၂၈)ပါးတို့အား အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပြီးနောက် လှူဖွယ်အစုစုတို့အတွက် ရေစက်သွန်းချ၍ အမျှအတမ်းဝေကာ  "ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆို၍ ထီးတော်တင်လှူခြင်း အခမ်းအနားကို အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ကြသည်။

"ဒီစေတီတော်မှာ ထိုင်းဘက်ကလည်း ရွှေသင်္ကန်းကပ်လှူချင်တာတွေ ထီးတော်တင်လှူချင်တာတွေ စိတ်ဆန္ဒဖြစ်နေကြတာကြာပြီတဲ့ အခု ပတ္တမြားဆရာတော်ကြီး လာပြီး ရွှေသင်္ကန်းကပ်လှူတာတွေ ထီးတော်တင်လှူတာတွေ လုပ်တော့မှပဲ သူတို့တွေလည်း ဆန္ဒပြည့်ဝတော့တယ်လို့ ပြောကြတယ်၊ ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံက ဆရာတော်ကြီးများက အခုလို လာရောက် ဦးဆောင်ပြီး ဆောင်ရွက်နိုင်လို့ ဂုဏ်ယူမိတယ်"ဟု ထီးတော်တင်အခမ်းအနားသို့ လာရောက်သူ မြန်မာနိုင်ငံသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ပြောသည်။

"အရင်တုန်းက ကျွန်တော်တို့ ကြားတာကတော့ ထိုင်းဘက်က ဒီစေတီတော်မှာ ထီးတော်တင်ရင် မိုးကြိုးပစ်တာတို့၊ မိုးကြီးတာတို့ ဖြစ်ပြီး မအောင်မြင်ဘူးလို့ ကြားမိတယ်၊ ဒီနေ့တော့ မြန်မာနိုင်ငံဘက်က ဆရာတော်ဘုရားကြီးတွေ ဦးဆောင်ပြီး ထီးတော်တင်လိုက်နိုင်တာ အောင်မြင်တော့ တကယ့်ကို ရင်ထဲ ပီတိဖြစ်မိပြီး သာဓု အကြိမ်ကြိမ်ခေါ်ဆိုမိတယ်ဗျာ"ဟု ပတ္တမြားဆရာတော်၏ ဒါယိကာ တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

အဆိုပါ ထီးတော်တင်လှူခြင်း အခမ်းအနားသို့ မြန်မာဘက်မှ သက်ဆိုင်ရာ အကြီးအကဲများ နှင့် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ အကြီးအကဲများအပါအ၀င် ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ ဒေသခံ အလှူရှင်များ၊ တာချီလိတ်မြို့မှ အလှူရှင်များ လာရောက်၍ ပါဝင်ကုသိုလ်ယူကြတာကို တွေ့ရှိရသည်။

သတင်း/ဓါတ်ပုံ ။   ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
193 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~