အလယ်တန်းထိ အခမဲ့ ကျောင်းအပ်နှံရေးဖြစ်၍ မရှိနွမ်းပါး ကျောင်းသားမိဘများအတွက် အဆင်ပြေ

အလယ်တန်းထိ အခမဲ့ ကျောင်းအပ်နှံရေးဖြစ်၍ မရှိနွမ်းပါး ကျောင်းသားမိဘများအတွက် အဆင်ပြေ
မေ 26, 2014
By Tachileik News Agency
နွေရာသီ ကျောင်းပိတ်ကာလကို ကျော်လွန်ခဲ့ကြပြီးနောက် ၂၀၁၄ - ၂၀၁၅ ခုနှစ်၏ ပညာသင်နှစ်ကို ဇွန်လ(၁)ရက်နေ့တွင် စတင်၍ ပညာသင်ကြားပေးနိုင်ရန်အတွက် ကျောင်းအပ်နှံရေးအဖြစ် တာချီလိတ်မြို့ တွင်  မေလ(၂၂)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိ ပြုလုပ်လျှက်ရှိရာ မူလတန်းအဆင့်မှ အလယ်တန်း အဆင့်ထိ ကျောင်းအပ်နှံမှု စနစ်သည် အခမဲ့ဖြစ်ကြောင်း သိရသည်။

သူငယ်တန်းမှ အဋ္ဌမတန်းထိကို ကျောင်းအပ်နှံရာတွင် အခမဲ့ဖြစ်ပြီး ကျောင်းသုံးဗလာစာအုပ်များကိုလည်း အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါ ကျောင်းသုံးစာအုပ်များကို ကျောင်းစတင် တက်ရမည့်နေ့မှာ ပေးဝေသွားမှာဖြစ်ကြောင်း အလယ်တန်းပြ ဆရာမတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"အရင်တုန်းကတော့ ကျောင်းအပ်ရတာ ကုန်ကျမှုကများ ဟိုကြေး၊ ဒီကြေးတွေက ကောက်နဲ့ဆိုတော့ အဆင်မပြေခဲ့ဘူး၊ အခုတော့ ဘာကြေးမှလည်းမကောက်ဘူး အလယ်တန်းထိ အခမဲ့ဆိုတော့ မရှိနွမ်းပါး ကျောင်းသား၊ ကျောင်းသူ မိဘတွေအတွက် ၀မ်းသာစရာပါ"ဟု ကျောင်းလာအပ်သူ ကျောင်းသားမိဘတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ထိုသို့ ကျောင်းအပ်နှံရာတွင် ဖောင်ဖြည့်ရာ၌ လိုအပ်သည့်အချက်အလက်မှာ အဓိကအားဖြင့် ကျောင်းသား မိဘ နှစ်ဦး၏ အမည်နှင့် မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ကျောင်းသား/သူ၏ မွေးသက္ကရာဇ်၊ အတန်း နှင့် ဆက်သွယ်ရန်လိပ်စာများသာ လိုအပ်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း 
ဓါတ်ပုံ ။  ။ လင်းလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~