တိုင်းရင်းသား ကလေးသူငယ်များအား ကြည့်ရှုစောင့်ရှောက်ပေးနေသော တာချီလိတ်မြို့ (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်၌ စေတနာရှင် အလှူရှင်များ သွားရောက် လှူဒါန်းနိုင်

တိုင်းရင်းသား ကလေးသူငယ်များအား ကြည့်ရှုစောင့်ရှောက်ပေးနေသော တာချီလိတ်မြို့ (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်၌ စေတနာရှင် အလှူရှင်များ သွားရောက် လှူဒါန်းနိုင်
မေ 20, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြုခံထားရသော ပရဟိတဂေဟာများအနက် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု(ဒုတိယ)အဆင့် ရရှိထားသည့် ရွှေတောင်တန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်၌ မရှိနွမ်းပါးကလေးသူငယ်များ၊ မိဘမဲ့ ကလေးသူငယ်များ နှင့် တိုင်းရင်းသားကလေးသူငယ်များ စုစုပေါင်း (၁၈၅)ဦးကျော်ကို ပညာများသင်ကြား ပြုစုပျိုးထောင်ပေးနေလျှက်ရှိပါသည်။

အဆိုပါ ကလေးသူငယ်များကို (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်တွင် သူငယ်တန်းမှ စတုတ္တတန်းအထိ အတန်းပညာများကို သင်ကြားပို့ချပေးပြီး ကလေးသူငယ်များ၏ ကျန်းမာရေး၊ နေရေးထိုင်ရေး ကိစ္စအ၀၀ကို ရွှေတောင်တန်းကျောင်းတိုက်ဆရာတော်မှ စေတနာရှင်အလှူရှင်များ၏ ပါဝင်ကုသိုလ်ယူ လှူဒါန်းမှုတို့ဖြင့် လူမှုအကျိုး၊ သာသနာ့အကျိုး ဆောင်ရွက်တော်မူလျှက်ရှိတာကို တွေ့ရှိရသည်။

ထိုသို့ ကလေးသူငယ် (၁၈၅)ဦးကျော်ရှိသော (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်သို့ ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၀)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ဇနီး ဒေါ်ရွှေမိုးသူဇာတို့၏ သားငယ် မောင်စွမ်းထက်လှိုင် အသက် (၆)နှစ်ပြည့် မွေးနေ့အလှူအဖြစ် လှူဒါန်းမှုပြုလုပ်ခဲ့ကြသည်။

ထိုသို့ မွေးနေ့အလှူအဖြစ် လှူဒါန်းမှုပြုလုပ်ရာတွင် ကလေးသူငယ်များအား ထမင်းနှင့်ဟင်းများဖြင့် ကျွေးမွေးခဲ့ကြပြီးနောက် တစ်ဦးချင်းစီအလိုက် အာဟာရများကို မွေးနေ့ရှင် ကိုယ်တိုင်မှ ပေးဝေလှူဒါန်းခဲ့ကြသည်။

ယခုလို ကလေးသူငယ်များအား လှူဒါန်းနိုင်မှုနှင့် ပတ်သက်၍ "ကလေးတွေအတွက်ပဲ သီးသန့် လှူချင်တယ် ဟင်းရည်လေးနဲ့ ဟင်းတစ်မျိုးလောက်ပဲ ပါမယ်ဆိုရင်တော့ ဘတ် (၇၀၀၀)လောက်ကုန်ပါတယ်၊ အဲ့လိုမဟုတ်ပဲ ကလေးတွေအတွက်ရော အလှူရှင်ရဲ့ ဧည့်သည်တွေရော ပါမယ်ဆိုရင် တစ်ခါလှူ ဘတ် (၁၅၀၀၀)လောက် ကုန်ပါတယ်၊"ဟု (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်ဆရာတော် ဦးခမာဝုဓ မှ အလှူရှင်များ သိနိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းသို့  မိန့်ကြားတော်မူသည်။

"ကျောင်းမှာ ရှိတဲ့ ကလေးတွေကတော့ အာခါတိုင်းရင်းသား ကလေးတွေနဲ့ လားဟူတိုင်းရင်းသား ကလေးတွေများပါတယ်၊ စန်းလု၊ ဖတ်ဟိ၊ ယန်းခေါင်၊ လွယ်စီတုံ၊ ပါစလိ နဲ့ တိုင်းရင်းသားကျေးရွာတွေက ကလေးတွေဖြစ်ပါတယ်"ဟု ဆရာတော်မှ ဆက်လက်မိန့်ကြားတော်မူသည်။

(ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်သည် မရှိနွမ်းပါး နှင့် မိဘမဲ့ အာခါ၊ လားဟူတိုင်းရင်းသား ကလေးသူငယ်များကို  လက်ခံပြီး ပညာများကို သင်ကြားပေးနေလျှက်ရှိသည်မှာ ၁၉၉၇ခုနှစ် ဇူလိုင်လက စတင်ခဲ့ကြတာဖြစ်ကြောင်း သိရှိရသည်။

(ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်တွင် မွေးနေ့ရှင်များမှ လှူဒါန်းလို၍ဖြစ်စေ ကလေးသူငယ်များအတွက် လှူဒါန်းလို၍ ဖြစ်စေ အဆိုပါကျောင်းတိုက်သို့ ဆက်သွယ်နိုင်ရန်အတွက် ဖုန်းနံပါတ်အား ဖော်ပြပေးလိုက်ပါသည်။

ကျောင်းထိုင်ဆရာတော် ဦးခမာဝုဓ
(ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်
ဟွေရဲကျေးရွာ၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။ ။ 086-4427909၊ 086-9140097
မြန်မာဖုန်း ။  ။ 093-6090162

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။   ။ လင်းလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~