တာချီလိတ်မြို့၌ ယခုရက်ပိုင်းအတွင်း ပူပြင်းသောရာသီဥတုဒဏ်သည် နေ့လည်ပိုင်းမှာ သိသိသာသာ ခံစားရပြီး အပူဒဏ်နှင့် ရာသီဥတု မညီမျှမှုတို့ကြောင့် ကျန်းမာရေး ထိခိုက်မှုများလည်း ဖြစ်ပေါ်တာကို တွေ့ရှိရသည့်အပြင် ယခုလို ပူပြင်းသော အချိန်အခါတွင် လွန်ကဲစွာ အရက်သေစာ သောက်စားကြသူများအတွက် အန္တရာယ်ရှိသည့် အချိန်အခါဖြစ်ပါသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၆)ရက် ညနေ(၃)နာရီခန့်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ အဆွေတော်မိသားစု(၂၄)နာရီအထူးကုဆေးခန်း အတက်လမ်း နှင့် ရွှေတိဂုံဘုရားအနောက်ဖက် အဆင်းလမ်းရှိ ရေမရှိသော မြောင်းတွင် အရက်သမားတစ်ဦး မှောက်လျက် သေဆုံးနေတာကို တွေ့ရှိရသည်။
သေဆုံးသူသည် အသက် (၃၀)ကျော် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် အရက်အလွန်အကျွံသောက်ပြီး အမူးလွန်လာတိုင်း အဆိုပါ မြောင်းတွင် အိပ်ကြောင်း သိရသည်။
"ခါတိုင်းလည်း ဒီလူက ဒီနေရာမှာ အိပ်လေ့ရှိတယ်၊ အခုက တောင့်နေပြီဆိုတော့ ခါတိုင်းလိုပဲ အမူးလွန်ပြီး အိပ်နေတယ်ထင်လို့ လူတွေ သတိမထားမိတာဖြစ်တယ်"ဟု အနီးအနားရှိ ရှမ်းအမျိုးသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
တာချီလိတ်မြို့တွင် လမ်းဘေးတွင် အမူးလွန်ပြီး အိပ်သည့် အရက်သမားများသည် အသက် (၃၀)မှ အသက် (၄၀)နှစ် နီးပါးရှိ အမျိုးသားများဖြစ်ကြပြီး ထိုကဲ့သို့ အမူးလွန်ပြီး လမ်းဘေးတွင် အိပ်ရာမှ အပူလွန်ကဲ၍သော်လည်းကောင်း၊ လေဖြတ်၍သော်လည်းကောင်း၊ အအေးမိ၍သော်လည်းကောင်း သေဆုံးသွားသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရသည်။