ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"သည် သာသနာပြုလုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် တာချီလိတ်မြို့တွင် ရွှေတိဂုံစေတီပုံတူ တည်ထားကိုးကွယ်ခြင်း၊ ဓမ္မာရုံ၊ ဆေးပေးခန်း၊ ဆေးရုံ၊ မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ၊ မီးသဂြုင်္ိဟ်စက် နှင့် စာသင်ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခြင်း၊ ပရိယတ္ထိစာပေများကို ကိုယ်တိုင်ပြသ သင်ကြားပေးခြင်း၊ ပိဋကတ်(၃)ပုံ ကျောက်ထက်အက္ခရာ တင်ခြင်း စသည့် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွား တည့်တံ့စေရန် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်တော်မှုလျှက်ရှိပြီး ယခု ၂၀၁၄ခုနှစ် နွေရာသီကျောင်းပိတ် ကာလတွင် အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း)၌ ဆရာတော်ဘုရားကြီးမှ အကုန်အကျခံကာ လှူဒါန်းထားသော သုံးထပ်စာသင်ကျောင်းဆောင်သစ်အား ဆောက်လုပ်လှူဒါန်းလျှက်ရှိတာကိုလည်း တွေ့ရသည်။
ယင်းသို့ ဘာသာရေး၊ ပညာရေး နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးတော်မူခြင်း၊ လှူဒါန်းပေးခြင်းတို့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ မှ ၂၀၁၄ခုနှစ် မေလ(၃)ရက် နံနက်(၉)နာရီအချိန် သမ္မတအိမ်တော်ရှိ သဘင်ဆောင်တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်း ဆက်ကပ်လှူဒါန်းပွဲပြုလုပ်ရာ မြန်မာတစ်နိုင်ငံလုံးမှ ဆရာတော်ကြီး (၈)ပါး၌ တာချီလိတ်မှ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးလည်း အပါအ၀င်ပင်ဖြစ်သည်။
တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးသည် မေလ(၃)ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်တော်မူခဲ့ပြီး ယနေ့ မေလ(၄)ရက် မွန်းလွဲပိုင်းတွင် မန္တလေးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ပြန်လည် ကြွချီတော်မူရာ မြို့ပေါ် ဘုန်းကြီးကျောင်းများမှ ရဟန်းသံဃာများ၊ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များအပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ဆရာတော်ကြီးများနှင့် မယ်ဆိုင်မြို့ပိုင်နှင့် မိသားစုမှလည်း လာရောက်၍ ၀မ်းမြောက်ဝမ်းသာဖြင့် လေဆိပ်မှ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ကြိုဆိုပင့်ဆောင်ခဲ့ကြသည်။
လေဆိပ်မှ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ရောက်သောအခါ ဆရာတော်ကြီးများနှင့် ရဟန်းသံဃာများက နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား ဦးခိုက်ပူဇော်ကြကာ ဂုဏ်တော်များ ပွားများပြီးနောက် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခြင်းခံယူတော်မူကြသည့် ဆရာတော်ကြီး (၈)ပါးတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဓမ္မသီရိ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တောတိုက်ဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဓမ္မသာရ၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ် ပဓာနနာယက ယောဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မဟာဝိဇယရံသီစလေကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တ၀ိဇယ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာဘဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် မဟာဌာနမှူး ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မပီယ၊ လယ်ဝေးမြို့နယ် သာဝတ္ထိမြို့ စမတောင် မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒနှင့် မွန်ပြည်နယ် သထုံမြို့ ကေလာသတောင် ရွှေပါရမီတောရကျောင်းဆရာတော် ဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တ ဆန္ဒာဓိက တို့ဖြစ်ကြောင်း သိရသည်။