ကျပ် ၅၈ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မိုင်းဆတ်၌ ဖမ်းဆီးရရှိ

ကျပ် ၅၈ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မိုင်းဆတ်၌ ဖမ်းဆီးရရှိ
မေ 19, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်၊ မိုင်းဆတ်လှုပ်ရှားအဖွဲ့ ရဲအုပ် ဘုန်းကျော်ဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့တို့သည် မိုင်းဆတ်မြို့နယ် မယ်ဆွမ်(မြောက်)ရပ်ကွက်၌ ကျပ်(၅၈)သိန်းကျာ် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား တရားခံနှင့်အတူ ၂၀၁၄ခုနှစ် မေလ(၁၆)ရက် နံနက်ပိုင်းက ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်(မြောက်)ရပ်ကွက်၊ ၀မ်ဟုန်းကျေးရွာနေ ဦးဝန်း၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေ စစ်ဆေးရာ အလေးချိန်(၂၁၁.၁)ဂရမ်ရှိသည့် စိတ်ကြွဆေးပြား (၂၁၀၁)ပြား နှင့် အလေးချိန် (၄၀.၄)ဂရမ်ရှိသည့် ဘိန်းဖြူများကို ရှာဖွေဖမ်းဆီးရမိရာ အဆိုပါ မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးငွေမှာ ကျပ်ငွေ(၅၈)သိန်းကျော် ရှိပြီး တဆက်တည်းမှာပင် ထိုင်းနိုင်ငံသုံး ဘတ်ငွေ (၂၄၀၀)ဘတ် နှင့် မြန်မာငွေ(၂၃၅၀၀)ကျပ်တို့ကိုလည်း မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရရှိ၍ သိမ်းဆည်းခဲ့ကြသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အဆိုပါ တရားခံအား မိုင်းဆတ်မြို့မရဲစခန်းမှ မယ(ပ)၅/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် ယခု ၂၀၁၄ခုနှစ်စမှ မေလ(၁၉)ရက်နေ့ထိ ဖမ်းဆီးရမိသော မူးယစ်အမှုမှာ (၇၁)မှုရှိပြီး မိုင်းဆတ်မြို့တွင် ယခုအမှုအပါအ၀င် မူးယစ်အမှု (၅)မှုရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~