ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေပြီး ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုနားစောမွန်ကျေးရွာနှင့် ဟိုနားလားဟူ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မေလ (၂၀)ရက်၊ နံနက် (၇)နာရီ က အဆိုပါလမ်းသစ် ဖွင့်ပွဲမုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းညွန့်ဝင်း နှင့် ဦးမောရှည် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် မိုင်းဖြတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်
လွှတ်တော်မှ ခွင့်ပြုပေးသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း တစ်ထောင်မှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးစိုင်းခမ်းကျန်က ကျေးဇူးတင်စကားပြောကြားသည်။ ဖွင့်ပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြု ကော်မတီများ၊ နိုင်ငံရေးပါတီဝင်များ၊ မြို့မိမြို့ဖများနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်အားပေးသည်။
အဆိုပါလမ်းသစ်အား ဒေသဖွံ့ဖြိုးရေးလွှတ်တော်ရန်ပုံငွေကျပ် သိန်းတစ်ထောင်မှ ငွေကျပ် ၂၉ သိန်း နှင့်
စေတနာရှင် အလှူရှင်များမှ ငွေကျပ် ၃၇သိန်းတန်ဖိုးရှိ ဘိလပ်မြေ၊ သဲ၊ ကျောက် တို့ဖြင့် စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည်ပေ (၅၀၀)နှင့် အကျယ် (၁၂)ပေရှိ ကွန်ကရစ်လမ်း ဖြစ်ကြောင်း သိရသည်။