တာချီလိတ်၌ ကလေးပျော်ကျောင်း မွမ်းမံသင်တန်း ပို့ချ

တာချီလိတ်၌ ကလေးပျော်ကျောင်း မွမ်းမံသင်တန်း ပို့ချ
မေ 17, 2014
By Tachileik News Agency

ကလေးများ ပညာရေးမြင့်မားရေးအတွက် ၂၀၁၄ခုနှစ် မေလ(၁၆)ရက်မှ မေလ(၂၂)ရက်နေ့ထိ ကလေးပျော်ကျောင်း မွမ်းမံသင်တန်းကို တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက်ရှိ မူလွန်ရန်အောင်မြေကျောင်းတွင် ဖွင့်လှစ်သင်ကြားရာ တာချီလိတ်မြို့နယ်အတွင်းရှိ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများနှင့် လက်ထောက်တစ်ဦးစီ တက်ရောက်ခွင့်ပြုကြောင်းနှင့် သင်တန်းသား စုစုပေါင်း (၁၉၂)ဦး သင်ကြားနိုင်ရန် စီစဉ်ထားရှိကြောင်းသိရသည်။

သင်တန်းကြီးကြပ်ရေးအတွက် ပညာရေးလေ့ကျင့်ရေးနှင့် စီမံကိန်းဦးစီးဌာနမှ ဆရာမကြီး ဒေါ်ခင်ယုဝေမှ လာရောက်ကြီးကြပ်နေကြောင်းနှင့် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်သော မြို့နယ်ပညာရေးကော်မတီကလည်း ကြီးကြပ်ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သင်တန်းပထမရက်ဖြစ်သည့် မေလ(၁၆)ရက်နေ့တွင် ငြိမ်းချမ်းမှုပညာရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့် အယူအဆနှင့် လက်တွေ့အကောင်အထည်ဖော်မှုများကို လက်တွေ့ ပို့ချလျက်ရှိရာ စိတ်ဝင်စားစွာ သင်ယူလေ့လာနေကြသည်ကို တွေ့ရှိရသည်။

ပဋိပက္ခ ပြဿနာများကို ဖြေရှင်းရာတွင် အဓိကကျသည့် ပြဿနာ၏ အရင်းအမြစ်များကို စနစ်တကျ ဖော်ထုတ်ပြီး ညှိနှိုင်း ဖြေရှင်းနည်းများကို သိရှိနားလည်၍ ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားရင်း ငြိမ်းချမ်းစွာ ပညာရေးနှင့် ဆက်စပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် ပေးအပ်၍ ဘ၀ကိုအောင်မြင်စွာ ဖြတ်ကျော်နိုင်ရေးအတွက် ဆရာ၊ ဆရာမများအား နည်းပညာအသစ်များ သိရှိနားလည် အသုံးပြုစေ၍ အသိပညာ နည်းလမ်းသစ်များ ဖြည့်ဆည်းပေးပြီး အကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပညာရေး သင်နည်းသစ်များ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက်ပိုမို၍ စနစ်တကျ တိကျ ခိုင်မာအောင် အသုံးချနိုင်ရေးအတွက်ယခုသင်တန်းမျိုးကို ပို့ချသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့်လုပ်ငန်းအောင်မြင်မှုများကို အစီရင်ခံတင်ပြခြင်း ၊ကွင်းဆင်းကူညီပံ့ပိုးခြင်းများဖြင့်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိပါသည်။

သင်တန်းဆိုင်ရာ ကုန်ကျစရိတ်များကို ယူနီဆက်မှပံ့ပိုးကူညီပြီး ပညာရေးဝန်ကြီးဌာန ပညာရေးလေ့ကျင့်ရေးနှင့် စီမံကိန်းဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း မြန်မာနိုင်ငံအတွင်းမှ ရွေးချယ်ထားသည့်မြို့နယ်(၂၅)မြို့နယ်အတွင်းမှ ပညာရေးဝန်ထမ်းများကို
လေ့ကျင့် သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၄ခုနှစ် မေလ(၁၆)ရက်နေ့တွင် ယခုသင်တန်းမျိုးကို ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် မိုင်းဖြတ်မြို့များတွင်ပါ တစ်ပြိုင်နက်တည်း ဖွင့်လှစ်သင်ကြားကြောင်း သတင်းရရှိသည်။

သတင်း ။          ။  မြတ်မျိုးမြင့်မာန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~