ကျပ်သိန်း ၅၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းဂိတ်၌ ဖမ်းဆီးရရှိ

ကျပ်သိန်း ၅၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းဂိတ်၌ ဖမ်းဆီးရရှိ
မေ 8, 2014
By Tachileik News Agency

ယနေ့ ၂၀၁၄ခုနှစ် မေလ(၇)ရက် ညနေ(၄)နာရီခန့်က တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြား အပြား(၂၀၀၀)ကို တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ်စိုင်းခမ်းစိုင်း ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ယာဉ်သွား ယာဉ်လာများအား ရပ်တန့်ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်နေကြစဉ် တာလေဘက်မှ တာချီလိတ်ဘက်သို့ စိုင်းတစ်xxx မောင်းနှင်လာသည့် Honda Wave-100 အမျိုးအစား အနက်ရောင် ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့် စစ်ဆေးရှာဖွေခဲ့ကြသည်။

ထိုသို့ စစ်ဆေးရှာဖွေရာတွင် ဆိုင်ကယ်ဘထ္ထရီဘေးရှိ အံဝှက်အတွင်းမှ ကာလတန်ဖိုးငွေ ကျပ်သိန်း(၅၀)ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား (၂၀၀၀)ပြားကို ရှာဖွေတွေ့ရှိရသည့်အတွက် တရားခံဖြစ်သူ စိုင်းတစ်xxxအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၇၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~