တာချီလိတ်၌ အခွန်အကောက်ဆိုင်ရာ ဥပဒေများ ပြောင်းလဲမှုနှင့် အခွန်လုပ်ငန်းဆိုင်ရာ တွေ့ဆုံ ရှင်းလင်း

တာချီလိတ်၌ အခွန်အကောက်ဆိုင်ရာ ဥပဒေများ ပြောင်းလဲမှုနှင့် အခွန်လုပ်ငန်းဆိုင်ရာ တွေ့ဆုံ ရှင်းလင်း
မေ 9, 2014
By Tachileik News Agency

တာချီလိတ်မြို့ အခွန်ဦးစီးဌာနမှ တာချီလိတ်မြို့ရှိ ကုန်သည်များနှင့် ဟိုတယ်ပိုင်ရှင်များစသည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အခွန်အကောက်ဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲမှုနှင့် အခွန်အကောက်ဆိုင်ရာ လုပ်ငန်းများကို သိရှိ နားလည်စေရန်အတွက် ယနေ့ ၂၀၁၄ခုနှစ် မေလ(၉)ရက် ညနေ(၃)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်များမှ စိတ်ဝင်တစား တက်ရောက်၍ လေ့လာမှတ်သားကြတာကို တွေ့ရှိရသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ မှ အခွန်အကောက်ဆိုင်ရာ အဖွင့် အမှာစကားပြောကြားပြီး ၂၀၁၂ - ၂၀၁၃ ခုနှစ် နှင့် ၂၀၁၃ - ၂၀၁၄ ခုနှစ်တို့တွင် အများဆုံး အခွန်ဆောင်နိုင်ခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင်များကို ဆုများပေးအပ်ချီးမြှင့်ရာတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ပြည်နယ်အခွန်ဦးမှူး သူရဦးထင်ကျော်မိုးတို့မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုသို့ ပေးအပ်ချီးမြှင့်ရတွင် ၂၀၁၃ - ၂၀၁၄ ခုနှစ်တွင် အခွန်အများဆုံးဆောင်နိုင်ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များကို တစ်နှစ်လျှင် ဆု(၅)ဆုဖြင့် ပေးအပ်ချီးမြှင့်ရာမှာ ပထမဆုအဖြစ် ရွှေရေကန်ဟိုတယ်၊ ဒုတိယဆုအဖြစ် ရီဂျီးနားဟိုတယ်၊ တတိယဆုအဖြစ် မဲခေါင်မြစ်ဟိုတယ်၊ စတုတ္ထဆုအဖြစ် တော်ဝင် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း နှင့် ပဉ္စမဆုအဖြစ် နေ၀န်းနီ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း တို့မှ အသီးသီး ရရှိသွားခဲ့သည်။

တဆက်တည်းမှာပင် ၂၀၁၂  - ၂၀၁၃ ခုနှစ်၏ အခွန်အများဆုံးဆောင်နိုင်သည့်  စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဆုများပေးအပ်ချီးမြှင့်ရာတွင် ပထမဆုအဖြစ် ရီဂျီးနားဟိုတယ်၊ ဒုတိယဆုအဖြစ် မဲခေါင်မြစ်ဟိုတယ်၊ တတိယဆုအဖြစ်  တော်ဝင် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း၊ စတုတ္ထဆုအဖြစ် နေ၀န်းနီ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း နှင့် ပဉ္စမဆုအဖြစ် ချစ်ကြည်ရေး စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းတို့မှ အသီးသီး ရရှိသွားကြောင်း သိရသည်။

ဆက်လက်၍  အခမ်းအနားသို့ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေလျက်ရှိကြသော ကုန်သည်များ၊ ဟိုတယ်ပိုင်ရှင်များ၊ ရှေ့နေများ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများအား အခွန်အကောက်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ပြည်နယ်အခွန်ဦးစီးမှူး သူရဦးထင်ကျော်မိုးမှ ပရိုဂျက်တာဖြင့် ရှင်းလင်း ပြောကြားသည်။

ထိုသို့ ရှင်းလင်းပြောကြားရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုများ၊ ၀င်ငွေဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပြင် အခွန်ကျသင့်စေသည့် လုပ်ငန်းများ၊ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပြုသည့် ကုန်စည်များနှင့် ပြင်ဆင်ပြောင်းလဲလိုက်သည့် ရုံးခွန်နှုန်းထားများအကြောင်း အပြင် ပြင်ပသို့ တင်ပို့ရောင်းချမည့် ကုန်ပစ္စည်များကို ဒီထက်ပိုမို ပို့ကုန်မြှင့်တင်နိုင်ရန်အတွက် သတ်မှတ်ထားသည့် ကုန်စည် (၅)မျိုးကိုသာ အခွန်ရာခိုင်နှုန်းတွက်ချက်၍ ကောက်ခံရန်သာ သတ်မှတ်ထားကြောင်း စသည့်ဖြင့် အခွန်အကောက်ဆိုင်ရာများကို အသေးစိပ်ရှင်းလင်း ပြောကြားသွားသည်။

ဓါတ်ပုံ။    ။ လင်းလင်း
သတင်း။    ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~