၂၀၁၄ခုနှစ် မေလ(၅)ရက် ညနေ (၅း၃၉)နာရီအချိန်ခန့်က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ဘက်တွင် ဗဟိုပြု၍ လှုပ်ခတ်သွားသည့် အင်အား ၆.၀ ရှိသော ငလျင်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတစ်ခုလုံးအပြင် ရန်ကုန်မြို့ထိပါ အဖျားခတ် လှုပ်ခတ်သွားခဲ့ကြောင်းသိရသည်။
မေလ(၅)ရက်နေ့ ညနေပိုင်းက လှုပ်ခတ်သွားခဲ့သော ငလျင် လှုပ်ခတ်ပုံသည် လွန်ခဲ့သော ၂၀၁၁ခုနှစ် မတ်လ(၂၄)ရက် ည(၈)နာရီခန့်က လှုပ်ခတ်သွားခဲ့သော တာလေငလျင်၏ လှုပ်ခတ်ပုံနှင့် တူညီနေသည့် အတွက် တာချီလိတ်မြို့ပေါ်ရှိ ပြည်သူများ၊ တိုင်းရင်းသားများမှ တာလေငလျင်ကဲ့သို့ပင် ထပ်မံ လှုပ်ခတ်လာမည်ကို စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့ကြပြီး ညဘက် အိပ်မပျော်ကြကြောင်းလည်း သိရသည်။
"ညက တော်တော်နဲ့ အိပ်မပျော်ဘူး၊ တာလေငလျင်လိုမျိုး ထပ်ဖြစ်မှာ အရမ်းကြောက်တယ်၊ ညပိုင်းလည်း မသိမသာလှုပ်သွားတာတွေလည်း ရှိတယ်၊ အိပ်မပျော်ပါဘူးဆို ငလျင်ကြောင့် ခေါင်းလည်းမူးနေတယ်"ဟု မူကြိုဆရာမ တစ်ဦးမှ ကြောက်စိတ်ဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
တာချီလိတ်မြို့ရှိ ဆယ်ကျော်သက် ကောင်လေးတစ်ဦး၏ facebook တွင်လည်း "ငလျင်ကလည်း တစ်ခါလှုပ်တိုင်း လှုပ်စိလှုပ်စိဖြစ်သွားတာ အီစိမ့်နေတာပဲ၊ တော်တော်ကြောက်ဖို့ ကောင်းတယ်၊ ညက ငလျင်ကြီးကြီးလှုပ်မှာကို ကြောက်တဲ့ စိတ်နဲ့ အိပ်မပျော်တာ ခု မနက် လှုပ်တဲ့ ငလျင်ကြောင့်လည်း တော်တော်မူးနေပြီ"ဟု ရေးသားထားတာကို တွေ့ရှိရသည်။
ယခုလှုပ်ခတ်သွားသော ငလျင်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတစ်ခုလုံးကို လှုပ်ခတ်သွားခဲ့သည့်အပြင် ထိုင်း-မြန်မာ နယ်စပ်ဒေသမြို့တစ်ခုဖြစ်သည့် မြ၀တီမြို့တွင်လည်း အနည်းငယ် လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
"ကျိုင်းတုံမှာလည် ငလျင်လှုပ်သွားတာ ကြောက်စရာကြီး တော်တော်ကို လန့်သွားတယ်.."ဟု အာခါတိုင်းရင်းသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
လွန်ခဲ့သော (၃)နှစ်ခန့်က တာလေမြို့တွင် လှုပ်ခတ်သွားခဲ့သည့် ငလျင်၏ ဆိုးကျိုးကြောင့် ၂၀၁၄ခုနှစ် မေလ(၅)ရက် တစ်ညလုံးမှာ တာလေမြို့နယ်ခွဲရှိ ပြည်သူများမှ စိုးရိမ်စိတ်များဖြစ်ပေါ်ခဲ့ပြီး နေအိမ်ထဲတွင် မနေရဲကြကြောင်း တာလေမြို့နယ်ခွဲ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
ယနေ့ မေလ(၆)ရက် နံနက်ပိုင်းဖြစ်သည့် (၆)နာရီ ၀န်းကျင်နှင့် နံနက် (၇း၂၀)နာရီ၊ (၇း၂၉)နာရီတို့တွင် တစ်စက္ကန့်ဝန်းကျင်ခန့်သာ ကြာမြင့်သည့် သိသိသာသာ မြေငလျင်လှုပ်ခတ်သွားခဲ့သည်။
ယခုလိုလှုပ်ခတ်သွားသည့် မြေငလျင်ဒဏ်ကြောင့် တာချီလိတ်မြို့တွင် ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များရှိ အသေးအမွှားကုန်ပစ္စည်းအချို့ ပြုတ်ကျမှုရှိသည်ကလွဲ၍ ကျန်သည့် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
မေလ(၅)ရက်နေ့သည် တာချီလိတ်မြို့၏ ထူးခြားသောနေ့တစ်နေ့အဖြစ် နံနက်ပိုင်းတွင် မိုးများသည်းထန်စွာ ရွာသွန်းပြီး အချို့သော နေရာများ၌ မိုးကြိုးပစ်မှုများဖြစ်ပေါ်ခဲ့ပြီး ညပိုင်းတွင် ငလျင်လှုပ်ခတ်သွားသည့်အတွက် တာချီလိတ်ပြည်သူများမှ အထူးစိုးရိမ်စိတ်များ ဖြစ်ပေါ်နေလျက်ရှိတာကိုလည်း သိရသည်။
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ဘက်တွင် ဗဟိုပြု၍ လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ချင်းရိုင်ခရိုင်ထဲတွင် အဆောက်အဦများ၊ ကားလမ်းများ စသည်တို့မှာ ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့ပြီး ထိုင်းနိုင်ငံချင်းရိုင်းခရိုင်၊ ဝိန်းယန်းပါပေါက်မြို့၌ အဆိုပါ ငလျင်ဒဏ်ကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။