တောင်ပေါ်ဒေသ လားဟူတိုင်းရင်းသား ကျေးရွာ၌ မီးလင်းရေး၊ ကျန်းမာရေး၊ ပညာရေး ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ဖွင့်ပွဲပြုလုပ်

တောင်ပေါ်ဒေသ လားဟူတိုင်းရင်းသား ကျေးရွာ၌ မီးလင်းရေး၊ ကျန်းမာရေး၊ ပညာရေး ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ဖွင့်ပွဲပြုလုပ်
ဧပြီ 26, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသား အများအပြား နေထိုင်လျက်ရှိရာ အဆိုပါ တိုင်းရင်းသားများမှ မိမိတို့ ကျေးရွာဒေသများကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၀ိုင်းဝန်းကြိုးပမ်းနေကြသည့် တိုင်းရင်းသားများအနက် လားဟူတိုင်းရင်းသားများ အများအပြားနေထိုင်လျှက်ရှိသည့် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ နာသာလိကျေးရွာတွင်  ယနေ့ ဧပြီလ(၂၆)ရက် နံနက်ပိုင်းက  သစ်လွင်မိုးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့သော ရေအားလျှပ်စစ်စက်ရုံ၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း နှင့် မူကြိုကျောင်းဆောင်သစ် တို့ကို ဖွင့်ပွဲအခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရေအားလျှပ်စစ်စက်ရုံ၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း နှင့် မူကြိုကျောင်းဆောင်သစ် သုံးမျိုးအနက် ဦးစွာ ရေအားလျှပ်စစ်စက်ရုံအား ဖွင့်ပွဲပြုလုပ်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူ တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးရှာမွေလရှဲန်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ရေအားလျှပ်စစ်စက်ရုံအား တာဝန်ယူဆောက်လုပ်ပေးအပ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ပြည်နယ်လျှပ်စစ် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ ရေအားလျှပ်စစ်စက်ရုံ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

( ရေအားလျှပ်စစ်ဖွင့်လှစ်)

အဆိုပါစက်ရုံအား ဖွင့်လှစ်ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသည့် အကြီးအကဲများက ရေအားလျှပ်စစ်စက်ရုံအား လည်ပတ်နိုင်ရန်အတွက် ဆောင်ရွက်ထားပုံနှင့် ရေအားသိုလှောင်၍ ပြန်လည်လွှတ်ပုံတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို မှာကြားခဲ့ကြသည်။

( ရေအားလျှပ်စစ်ပေးစနစ်အား ကြည့်ရှု )

ယခု ဖွင့်လှစ်သော ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားများကို လတ်တလောတွင် အိမ်ခြေ(၅၀၀)ခန့်ပေးနိုင်ရန် လျာထားပြီး နာသာလိကျေးရွာနှင့် နီးစပ်သည့် ကျေးရွာ(၅)ရွာအပြင် အဆိုပါကျေးရွာရှိ ရာဘာစက်ရုံ (၃)ရုံတို့ကိုလည်း လျှပ်စစ်မီးပေးဝေ ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ထားကြောင်းနှင့် ယခု ရေအားလျှပ်စစ်စက်ရုံအား ကျပ်သိန်း(၂)ထောင်ခန့်ဖြင့် အကုန်အကျခံကာ တည်ဆောက်ထားတာဖြစ်ကြောင်း သိရသည်။

( အခမဲ့ ကျေးလက်ဆေးပေးခန်းဖွင့်လှစ် )
( အလှူမိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် )

ဆက်လက်၍ တာချီလိတ်မြို့နေ ဦးဂျင်မီ + ဒေါ်လှလေး မိသားစုတို့မှ တန်ဖိုးငွေကျပ် သိန်း(၄၀၀)ခန့် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းထားသည့် ကျေးလက်ကျန်းမာရေးဆေးပေးခန်းသစ်အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန်၊  ခရိုင်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း နှင့် အလှူရှင်ဖြစ်သူ ဦးဂျေမီ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ သီရိပျံချီ ဦးစိုးနိုင်မှ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

( ရေအားလျှပ်စစ်ပေးစနစ်အား ကြည့်ရှု )

ယင်းနောက် ကျန်ရှိနေသည့် အဆိုပါကျေးရွာမှ မူကြိုကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန်၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် နှင့် အလှူရှင်ဖြစ်သည့် ဦးသန်းဝင်းဇော် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

( ရေအားလျှပ်စစ်ပေးစနစ်အား ကြည့်ရှု )

ယခုဖွင့်လှစ်လိုက်သော မူကြိုကျောင်းဆောင်သစ်အား တာချီလိတ်မြို့နေ ဦးသန်းဝင်းဇော် + ဒေါ်စောနှင်းဦး မိသားစုတို့မှ တန်ဖိုးငွေ ကျပ်သိန်း(၃၀၀)ခန့် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းထားတာဖြစ်ကြောင်း သိရသည်။

( အခမဲ့ မူကြိုကျောင်းဆောင်သစ်ဖွင့်လှစ် )
( အလှူမိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် )

အဆိုပါ မူကြိုကျောင်းအား ဆောက်လုပ်လှူဒါန်းလိုက်သည့် ဦးသန်းဝင်းဇော်မှ"ဒီရွာမှာက ရာဘာလုပ်တဲ့ အလုပ်သမားတွေများတယ်ဆိုတော့ သူတို့တွေ လုပ်ငန်းဝင်နေတဲ့အခါမှာ ကျန်ရှိနေတဲ့ ကလေးတွေအတွက် အဆင်ပြေအောင်နဲ့ ကလေးသူငယ်တွေ စာတတ်မြောက်ဖို့အတွက် အထူးရည်ရွယ်ပြီး အခမဲ့မူကြိုကျောင်းကို ဆောက်လုပ်လှူဒါန်းထားတာပါ"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

( ဆေးပေးခန်းအား ကြည့်ရှု )

လားဟူတိုင်းရင်းသားများ အများအပြား နေထိုင်သည့် နာသာလိကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများအတွက် အဆင်ပြေစေရန် ကျန်းမာရေး၊ ပညာရေးနှင့် မီးလင်းရေးတို့ကို ယနေ့ ဧပြီလ(၂၆)ရက်မှ စ၍ နိုင်ငံတော်အစိုးရနှင့် လားဟူတိုင်းရင်းသားတို့မှ အကောင်အထည် ဖော်လိုက်ပြီဖြစ်ရာ ယခင်က ခက်ခဲမှုများစွာရှိခဲ့သော အဆိုပါ တိုင်းရင်းသားကျေးရွာတို့တွင် ယခုအခါမှာ အဆင်ပြေချောမွေ့လာတော့မည် ဖြစ်ကြောင်းနှင့် နာသာလိကျေးရွာသည် ယခုအခါမှာ ရွာတည်နှစ် (၁၀)နှစ်ပြည့်ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။       ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~