ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဘဏ်၌ ငွေထုတ်ယူသည့် မြန်မာနိုင်ငံသားများ သတိထားရန်လို

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဘဏ်၌ ငွေထုတ်ယူသည့် မြန်မာနိုင်ငံသားများ သတိထားရန်လို
ဧပြီ 30, 2014
By Tachileik News Agency
ထိုင်း - မြန်မာ နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံများသည် များသောအားဖြင့် တစ်ဘက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် ချိတ်ဆက်၍ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေလျှက်ရှိရာ ထိုင်းနိုင်ငံဘက်မှ လုပ်ငန်းရှင်များနှင့် ပတ်သက်၍ ငွေပေးချေမှုများကို လက်ငင်းသော်လည်းကောင်း၊ ထိုင်းဘဏ်မှ လွှဲပြောင်း၍သော် လည်းကောင်း၊ ယင်းအပြင် ဆွေမျိုးများမှ ထိုင်းနိုင်ငံဘက်သို့ သွားရောက်၍ အလုပ်လုပ်ကိုင်ပြီး ငွေလွှဲပေးရသည့် အခါမျိုးတွင် လည်းကောင်း တာချီလိတ်မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဘဏ်များတွင် ငွေလာရောက် ထုတ်ယူသူ မြန်မာနိုင်ငံသားများအပေါ် ထိုင်းနိုင်ငံ ရဲအချို့မှ ငွေညှစ်တောင်းခံမှုများ မကြာခဏဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်များ နည်းတူ ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နေ ကိုကျော်စွာဝင်း ဆိုသူသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ K-Bank ရှေ့တွင် ရှိသော ATM Box ၌ ထိုင်းဘတ်ငွေ (၃၀၀၀၀)ဘတ်ကို ထုတ်ယူနေစဉ် ထိုင်းရဲမှ မသင်္ကာဟု သတ်မှတ်ကာ မယ်ဆိုင်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ငွေညှစ်တောင်းခံမှု ဖြစ်ပွားခဲ့သည်။

ထိုင်းရဲများမှ ငွေညှစ်တောင်းခံရာတွင် တာချီလိတ်သို့ ပြန်လိုပါက ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေတစ်သောင်းပေးမှသာ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အကြောင်းမဲ့ ငွေညှစ်လာရာ ငွေညှစ်တောင်းခံရသူ ကိုကျော်စွာဝင်းသည် ၎င်း၏ အသိမိတ်ဆွေအား ဖုန်းဖြင့် အကြောင်းကြားရာ ၎င်း၏ မိတ်ဆွေမှ တာချီလိတ်၌ ဖွဲ့စည်းထားသော "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ" ( တာချီလိတ် )မှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးစည်သူမောင်ထံ ဆက်သွယ်၍ အကူအညီ တောင်းခံလာခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်သွယ်၍ အကူအညီတောင်းခံလာမှုကို ထိုင်းနိုင်ငံ ချင်းရိုင်းမြို့အနီးသို့ ခရီးလွန်နေသူ ကော်မတီဝင် ဦးစည်သူမောင်သည် မယ်ဆိုင်ရဲစခန်းသို့ ဖုန်းဆက်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ပေးရာ နာရီဝက်ခန့်အကြာတွင် ကိုကျော်စွာဝင်း၏ ငွေများအားလုံးကို ထိုင်းရဲများက ပြန်လည်ပေးအပ်လာကြောင်း သိရသည်။

ဘဏ်က ငွေထုတ်လာသော မြန်မာနိုင်ငံသားများကို ထိုင်းရဲများမှ ငွေညှစ်တောင်းခံမှုများနှင့် ကြုံတွေ့ရသည့် ကိစ္စနှင့်ပတ်သက်၍ "ဘယ်လိုအကြောင်းကိစ္စကြောင့်ပဲ ဖြစ်ဖြစ် မယ်ဆိုင်ဘက်က ဘဏ်မှာ ငွေသွားထုတ်မယ်ဆိုရင် မယ်ဆိုင်မြို့ထဲနဲ့လမ်းဘေးက ရှိတဲ့ ဘဏ်တွေမှာ ငွေမထုတ်ပဲ ကုန်တိုက်ဖြစ်တဲ့ လိုတပ် နဲ့ ဟုန်ဖ ပလာဇာ တို့မှာရှိတဲ့ ငွေထုတ်စက်တွေမှာ ဈေးဝယ်သလိုနဲ့ သွားထုတ်ရင် အန္တရာယ်ကင်းနိုင်တယ်၊"ဟု ကော်မတီဝင်ဖြစ်သူ ဦးစည်သူမောင်မှ အများသိစေရန်အတွက် တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

တာချီလိတ်မြို့မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထိုင်းဘဏ်၌ ငွေသွားရောက်ထုတ်ယူသော မြန်မာနိုင်ငံသားများ အနေဖြင့် အစဉ်အမြဲ မဟုတ်သော်လည်း ရံဖန်ရံခါ၌ ယင်းကဲ့သို့ ထိုင်းရဲများမှ မတရားသဖြင့် ငွေညှစ်တောင်းခံမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။

သတင်း။        ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~