မိုင်းဖုန်းဆရာတော်ထံ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ခေတ္တထိန်းသိမ်းစောင့်ရှောက်ပေးထားသော ရုပ်ပွားဆင်းတုတော်များအား ပြန်လည်အပ်နှံ

မိုင်းဖုန်းဆရာတော်ထံ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ခေတ္တထိန်းသိမ်းစောင့်ရှောက်ပေးထားသော ရုပ်ပွားဆင်းတုတော်များအား ပြန်လည်အပ်နှံ
ဧပြီ 28, 2014
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် လွန်ခဲ့သော သက္ကရာဇ် ၂၀၀၄ခုနှစ် ၀န်းကျင်က နိုင်ငံတော်အစိုးရမှ တစ်စုံတစ်ရာသော အကြောင်းပြချက်ဖြင့် မိုင်းဖုန်းဒေသတွင် သာသနာပြု၍ တရားကျင့်ကြံ အားထုတ်နေသော မိုင်းဖုန်းဆရာတော်ဟု လူသိများသည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရအား ထိုစဉ်အချိန်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်ခွင့်ကို ပိတ်ပင်ထားခဲ့သည့်နောက် မိုင်းဖုန်းဆရာတော် မရှိတော့သည့်နောက်ပိုင်းတွင် မိုင်းဖုန်းကျောင်းတိုက်၌ တန်ဖိုးရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားဆင်းတုတော်များနှင့် အဖိုးတန်ပစ္စည်းများအား သူခိုးများမှ ခိုးယူမှု နှင့် ပျောက်ပျက်၊ ပျက်စီးမှုများရှိသည့်အတွက် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"မှ ကျန်ရှိနေသေးသော ရုပ်ပွားဆင်းတုတော်များကို မပျောက်မပျက်စေရန်အတွက် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ပင့်ဆောင်၍ ခေတ္တထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သည်။
ယခုအချိန်မှာ လွှတ်တော်တွင် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုတင်သွင်းမှုများနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားများ၏ တောင်းဆိုတင်ပြမှုများကြောင့် မိုင်းဖုန်းဆရာတော်သည် အမိမြန်မာနိုင်ငံသို့ ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၁၅)ရက် နေ့လည် (၁၁) နာရီ (၆)မိနစ်အချိန်က ကြွရောက်လာခဲ့ပြီး ယခုဆိုလျှင် အမိမြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာသည်မှာ အချိန်ကာလအားဖြင့် (၅)လကျော် ကြာပြီဖြစ်ပါသည်။  
ယခုအခါမှာ မိုင်းဖုန်းဆရာတော်မှ မိုင်းဖုန်းကျောင်းတိုက်တွင် သီတင်းသုံး၍ တရားကျင့်ကြံ အားထုတ်ကာ သာသနာပြုနေပြီဖြစ်သည့်အတွက် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ခေတ္တထိန်းသိမ်း စောင့်ရှောက်ပေးထားသော ဗုဒ္ဓရုပ်ပွားဆင်းထုတော်များကို ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၂၈)ရက် မွန်းလွဲ(၂)နာရီ အချိန်ခန့်က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အပါအ၀င်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်သာသနာရေးမှူး ဦးရင်မောင်ထွန်း တို့မှ သွားရောက်၍ မိုင်းဖုန်းဆရာတော်ထံသို့ အဆိုပါ ရုပ်ပွားဆင်းတုတော်များကို ပြန်လည်အပ်နှံခဲ့ကြသည်။
နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ အဆိုပါ ရုပ်ပွားဆင်းတုတော်များအား ထိန်းသိမ်းစောင့်ရှောက်မှုများ မပြုလုပ်မီတွင် မသမာသူ သူခိုးများ၏ လက်ချက်ကြောင့် ရှေးဟောင်းရုပ်ပွားဆင်းတုတော်များနှင့် ဋ္ဌာပနပစ္စည်း အချို့လည်း ပျောက်ပျက် ခိုးခံရသည့်အတွက် ခေတ္တထိန်းသိမ်း စောင့်ရှောက်ပေးခဲ့တာဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ/သတင်း ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~