ထိုသို့ ရွေးချယ်ရန်အတွက် ရန်အောင်မြေရပ်ကွက်ထဲမှ ရန်အောင်မြေ နယ်မြေ(၁)မှ ဆယ်အိမ်မှူး (၃၆)ဦး၊ ရန်အောင်မြေ နယ်မြေ(၂)မှ ဆယ်အိမ်မှူး (၃၆)ဦး နှင့် ရန်အောင်မြေ နယ်မြေ(၃)မှ ဆယ်အိမ်မှူး (၁၁)ဦး စုစုပေါင်း (၈၃)ဦးရှိရာ (၂)ဦးပျက်ကွက်ခဲ့ပြီး (၈၁)ဦးတက်ရောက်ခဲ့ကြသည်။
အဆိုပါ နယ်မြေ(၃)ခုမှ တက်ရောက်လာသည့် ဆယ်ဦးမှူး (၈၁)ဦးထဲမှာမှ သက်ဆိုင်ရာ နယ်မြေမှ အဆိုပြုချက်အရ ရန်အောင်မြေ နယ်မြေ(၁)မှ ဦးဝင်းကျော်။ ရန်အောင်မြေ နယ်မြေ(၂)မှ ဦးအားဆော် နှင့် ရန်အောင်မြေ နယ်မြေ(၃) မှ ဦးအောင်အောင်တို့ ၀င်ရောက် ရွေးချယ်ခံကြသည်။
အဆိုပါ သုံးဦးထဲမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန် ခန့်ထားနိုင်ရန်အတွက် တက်ရောက်လာသည့် ဆယ်အိမ်မှူး (၈၁)ဦးမှ မဲစနစ်ဖြင့် ဆန္ဒပြုကြရာ ရန်အောင်မြေ နယ်မြေ(၁)မှ ဦးဝင်းကျော်မှ (၆)မဲ၊ ရန်အောင်မြေ နယ်မြေ(၂)မှ ဦးအားဆော်မှ မဲ (၅၀) နှင့် ရန်အောင်မြေ နယ်မြေ(၃) မှ ဦးအောင်အောင်မှ (၂၅)မဲ စသည့် မဲများအသီးသီး ရရှိပြီး ကြီးကြပ်အဖွဲ့မှ မဲအများဆုံး ရရှိသူအား ရန်အောင်မြေရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးအပ်နိုင်ရန် ဆက်လက်၍ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ တင်ပြသွားမှာ ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဆိုပါရပ်ကွက်မှ ကြီးကြပ်ရေးအဖွဲ့အဖြစ် ရွေးချယ်ထားသော ဦးဘိုချို ပါဝင်သည့် (၅)ဦးကော်မတီနှင့် တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးကျော်ငြိမ်း၊ တာချီလိတ်ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဦးမောင်ကြည် နှင့် အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ရန်အောင်မြေရပ်ကွက်သည် ယခင်က ဟောင်လိတ်ကျေးရွာအုပ်စုထဲမှာ ပါဝင်ခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်(၁၁၁၂/၂၀၁၃)အရ ဟောင်လိတ်ကျေးရွာအုပ်စုကို ဖျက်သိမ်းကာ ယခုလို ရန်အောင်မြေရပ်ကွက် ပေါ်ထွက်လာတာဖြစ်ပြီး ရန်အောင်မြေရပ်ကွက်ထဲတွင် ယခင်က ပါလျှံ(၁)(၂)(၃)ဟု ခေါ်တွင်သည့် အမည်အစား ယခုအခါမှာ ရန်အောင်မြေ(၁)၊ ရန်အောင်မြေ(၂)၊ ရန်အောင်မြေ(၃)ဟူ၍ ပြောင်းလဲ ခေါ်ဆိုရတော့မည် ဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်