တာချီလိတ်၌ မီးခိုး မြူခိုးများကြောင့် လေယာဉ်ခရီးစဉ် တစ်ချို့ ဖျက်သိမ်း

တာချီလိတ်၌ မီးခိုး မြူခိုးများကြောင့် လေယာဉ်ခရီးစဉ် တစ်ချို့ ဖျက်သိမ်း
မတ် 21, 2014
By Tachileik News Agency
    စည်းကမ်းမဲ့ တောင်ယာမီးရှို့မှုများကြောင့်  တာချီလိတ်မြို့အနီးဝန်းကျင်တ၀ိုက် မီးခိုးမြူများ အုံမှိုင်းနေကာ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျှက်ရှိသလို လေကြောင်းခရီးစဉ်များအားလည်း ထိခိုက်လျှက်ရှိနေကြောင်းသိရှိရပါသည်။
( ရာသီဥတု ကောင်းမွန်စဉ်က တာချီလိတ်လေဆိပ်တွင် 
လေယာဉ်များ ပုံမှန် ပျံသန်းဆင်းသက်နေပုံ )
      ““ ဒီမနက် ၉ နာရီ ကွင်းချိန်း ၁၀နာရီခွဲ ပုံမှန်ဆင်းသက်ရမယ့် sun far ခရီးစဉ်ဆိုရင် အခု မွန်းလွဲ၂နာရီခွဲနေတဲ့ အချိန်အထိ မြင်ကွင်းမရှင်းလို့ မဆင်းသက်နိုင်သေးပါဘူး ၊ အဲပုဂံ လေကြောင်းလိုင်းကတော့ ရာသီဥတုအခြေအနေကြောင့် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါပြီ ကျန်တဲ့ လေကြောင်းလိုင်းတွေကတော့ အခြေအနေကို စောင့်ကြည့် နေကြပါတယ်။ မြင်ကွင်း နည်းနည်းကောင်းလာတာနဲ့ ဆင်းသက်နိုင်အောင် ကြိုးစားနေကြပါတယ်။ မြူဆိုင်းမှု နည်းနည်းပါးသွားတဲ့ ညနေ ၄ နာရီကျော်မှပဲ ဆင်းသက်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အခုချိန်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ
တွေလဲပြီးပြီ ၊ နောက်ပြီး မြန်မာနိုင်ငံ အရပ်ရပ်က လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ သင်္ကြန်နားနီးတော့ မိဘရပ်ထံပြန်ချိန်ဆိုတော့ ခရီးစဉ်တိုင်းလူပြည့်ပါတယ်။ အခုလို မီးခိုးမြူတွေကြောင့် လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးရတာ၊ ဖျက်သိမ်းရတာတွေဖြစ်တော့ ခရီးသည်တွေကော လေကြောင်းလိုင်းတွေအတွက်ပါ နစ်နာရပါတယ် ””ဟု ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုမှ တာဝန်ခံတစ်ဦးက ရင်ဖွင့်ပါသည်။
    မီးခိုးမြူများ နှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦး မေးမြန်းရာ ““ ကျွန်တော်တို့ နှစ်စဉ် တောင်ယာမီးရှို့မှုတွေ မပြုလုပ်ဖို့ တင်းတင်းကျပ်ကျပ်တားမြစ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဒေသက မြန်မာ-လာအို-ထိုင်း (၃)နိုင်ငံ ဆုံဆည်းရာဖြစ်နေတော့ ဘယ်နိုင်ငံက စည်းကမ်းမဲ့ တောင်ယာမီးရှို့တယ်ဆိုတာ အတတ်ပြောလို့မရပါဘူး ၊ ရေ-မြေ သဘာဝအားဖြင့်လည်း တောတောင်ထူထပ်တဲ့ ဒေသဖြစ်နေတဲ့အတွက် ဝေးလံသီခေါင်တဲ့ တောတောင်တွေကြားထဲကနေ စည်းကမ်းမဲ့ ခိုးရှို့နေကြတာကိုကျတော့ လက်လှမ်းမီဖို့ခက်ပါတယ်။ မြေပြင်အနေအထားအရ တာချီလိတ်မြို့က ချိုင့်ဝှမ်းထဲမှာ တည်ရှိနေတာမို့ ဘယ်ဖက်ကရှို့တဲ့ တောင်ယာမီးပဲဖြစ်ဖြစ် အနိမ့်ပိုင်းဖြစ်တဲ့ တာချီလိတ်တ၀ိုက်ကိုပဲ မီးခိုးကဦးတည်လာတာမို့ အခုလို မီးခိုးမြူတွေ အုံဆိုင်းနေရတာဖြစ်ပါတယ်“ဟု ဖြေကြားလာသည်။
      ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုများကြောင့် ပြည်သူတို့၏ ကျန်းမာရေး ၊ စီးပွားရေးများအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း ထိခိုက်မှုများ နှစ်စဉ်ကြုံတွေ့ရလျှက်ရှိရာ လေထုညစ်ညမ်းမှု ကင်းစင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံအလိုက် တာဝန်ရှိသူများ၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော်လည်း ကိုယ်ကျိုးတစ်ခုတည်းသာ ကြည့်သူများ၊ ဗဟုသုတနည်းပါးသူများ၏ တောင်ယာမီးရှို့မှုများကြောင့် လေထုညစ်ညမ်းမှုများ အပါအ၀င် သဘာဝဂေဟစနစ်များအားလည်း နှစ်စဉ်ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျှက်ရှိနေရာ သစ်ပင် သစ်တော ၊ တောတောင် ရေမြေများအား ယခုထက်ပိုမို ချစ်မြတ်နိုးနိုင်ကြ
စေရန်အတွက် အစိုးရအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ လက်တွဲညီညာစွာဖြင့် ပိုမိုအားထုတ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
သတင်း။        ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~