မိုင်းဖြတ်မြို့ရှိ ဓမ္မဂမ္ဘီရ သာသနလိုဏ်ဂူတော်အတွက် ဘက်စုံပြုပြင် မွမ်းမံရန် မည်သူမဆို ပါဝင်လှူဒါန်းနိုင်

မိုင်းဖြတ်မြို့ရှိ ဓမ္မဂမ္ဘီရ သာသနလိုဏ်ဂူတော်အတွက် ဘက်စုံပြုပြင် မွမ်းမံရန် မည်သူမဆို ပါဝင်လှူဒါန်းနိုင်
မတ် 1, 2014
By Tachileik News Agency
တာချီလိတ်မြို့ နှင့် တစ်မြို့ကျော်မှာ တည်ရှိနေသော မိုင်းဖြတ်မြို့နယ် မိုင်းဖြတ် - မိုင်းယောင်းသွားလမ်း ( ၁၆ ) မိုင်ခန့်အကွာတွင်ရှိသော ပြည်ငြိမ်းအေးကျေးရွာမှ တဆင့် (၅)မိုင်ခန့် အကွာတွင်   ထူးခြားတင့်တယ်စွာ နက်နဲဆန်းကြယ် သဘာဝအလှတရားများဖြင့် ဖြစ်တည်နေသည့် စွမ်ဟိန်းဂူ(ခေါ်) ဓမ္မဂမ္ဘီရသာသနာ့ လိုဏ်ဂူတော်အား မိုင်းလင်းဆရာတော်မှ အဓိက ဦးဆောင်၍ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေရာ လိုဏ်ဂူတော်အတွင်း သဘာဝကျောက်ဖြစ်သဏ္ဍာန်များအား ရုပ်လုံးကြွစေရန်နှင့် ရေရှည် တည်တံ့စေရန်အပြင် သာသနာပြုလုပ်ငန်းများအား ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခုအခါမှာ အလှူရှင်များ များစွာ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

ထိုသို့ အလှူရှင်များ လိုအပ်သည့်ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် တစ်လအတွင်းမှ ယနေ့ မတ်လ(၁)ရက်နေ့ထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦးနှင့် အတွင်းရေးမှူး ဦးတင်နွယ်တို့မှ အဓိက ဦးဆောင်ကာ ဒီဇယ် (၃၂)ပီပါ အသုံးပြုပြီး လိုဏ်ဂူတော်သို့ သွားသည့် လမ်းတစ်လျှောက်ကို အကျယ်(၃၀)ပေချဲ့ကာ လမ်းဖောက်လုပ်နေလျှက်ရှိပြီး ဆက်လက်၍လည်း ကုသိုလ်ယူကာ လမ်းချဲ့မှုများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ယနေ့ မတ်လ(၁)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့မှ အဆိုပါ လိုဏ်ဂူတော်သို့ သွားရောက်၍ ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ လိုဏ်ဂူတော်အား ဘက်စုံပြုပြင်မွမ်းမံရာမှာ လိုဏ်ဂူတော်သို့ သွားသည့် လမ်းတစ်လျှောက် လမ်းအကျယ်ပေ(၃၀)ချဲ့ထွင် ဖောက်လုပ်ခြင်း၊ ဂူအတွင်း မီးလင်းရေးအတွက် မီးကြိုးနှင့် မီးလုံးများတပ်ဆင်ခြင်း၊ ဂူတွင်း လျှောက်လမ်းဖေါ်ခြင်း၊ ရဟန္တာဓါတ်တော်ရသော နေရာများတွင် ကြွေပြားခင်းခြင်း၊ မိုင်းဖုန်းဆရာတော်ဘုရားအတွက် တရားကျင့်ကြံအားထုတ်မည့် နေရာအခန်းအား ပြုလုပ်ခြင်း စသည့် အဖက်ဖက်တို့မှ ပြုပြင်မွမ်းမံမှုတို့အတွက် စုစုပေါင်း ခန့်မှန်း ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ( ၈၀၀ )ကျော်ခန့်ရှိမည်ဖြစ်ရာ ၂၀၁၃ခုနှစ်မှ စတင်၍ စေတနာရှင်အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ကောက်ခံရရှိငွေမှာ ကျပ်သိန်း(၂၀၀)ခန့်သာ ရရှိသေးကြောင်း သိရသည်။

လိုဏ်ဂူတော်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အကြီးဆုံးဖြစ်ပြီး လိုဏ်ဂူ၏ အစ မှ ၀င်၍ အဆုံးကို (၃)ရက်ဖြင့် မရောက်နိုင်ကြောင်း သိရသည်။ အဆိုပါ လိုဏ်ဂူတော်အား အလှူရှင်များအနေဖြင့် ပါဝင်လှူဒါန်း၍ ပြည့်စုံသွားပါက နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ၏ လေ့လာစရာ နေရာတစ်ခုဖြစ်လာနိုင်ကြောင်း ဌာနဆိုင်ရာ အကြီးအကဲများက သုံးသပ်သည်။

ထူးခြားတင့်တယ်စွာဖြင့် နက်နဲဆန်းကြယ် သဘာဝအလှတရားများဖြင့် ဖြစ်တည်နေသည့် စွမ်ဟိန်းဂူအား ဘက်စုံပြုပြင်မွမ်းမံရာတွင် ပါဝင်လှူဒါန်းလိုသော စေတနာရှင်များအနေဖြင့် အောက်ပါ ဆက်သွယ်ရန်လိပ်စာမှတဆင့် လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်

  • ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ 084-51505
  • မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ 084-51749
  • ဦးကျော်စိုးလှိုင် ဦးစီးအရာရှိ ( စစစ )ရုံး၊ 094-28217687

မိုင်းဖြတ်မြို့တွင်

  • မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ 084-63008
  • ဦးစိုင်းညွှန့်ဝင်း (ရန်ပုံငွေရှာဖွေရေးကော်မတီ) ဥက္ကဌ၊ 094-28310022
  • ဦးစိုင်းရွက် (ရန်ပုံငွေရှာဖွေရေးကော်မတီ) အတွင်းရေးမှူး၊ 094-58031943

ထို့အပြင် သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင်လည်း လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်းရေးသားသူ ။     ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
မိုင်းဖြတ်မြို့ ဓမ္မဂမ္ဘီရ သာသနလိုဏ်ဂူတော်အတွက် အလှူရှင်များ လိုအပ်နေ

55 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~