ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ရွေးချယ် ခန့်ထားရေးနှင့် ပတ်သက်၍ ယနေ့ မတ်လ(၇)ရက် နံနက် (၉)နာရီ မှ (၁၁)နာရီအချိန်ထိ ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်အပ်နိုင်ရန်အတွက် ရွေးချယ်မှုကို ပြုလုပ်ရာမှာ အဆိုပါရပ်ကွက်မှ ကြီးကြပ်ရေးအဖွဲ့အဖြစ် ရွေးချယ်ထားသော ရပ်မိရပ်ဖ ဦးစိုင်းလုံဟောင် ပါဝင်သည့် (၅)ဦး ကော်မတီနှင့် တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အဖွဲ့ဝင် ဦးစိုင်းလုံမား နှင့် အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းမှ ဆယ်အိမ်စုမှူး (၇၀)ဦးအနက် (၁၂)ဦး ပျက်ကွက်ခဲ့ပြီး (၅၈)ဦး တက်ရောက်လာခဲ့ကြရာ အဆိုပါ (၅၈)ဦးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးခံနိုင်ရန် ဦးစိုင်းကျောက် နှင့် ဦးစိုင်းကြည်လင်း တို့ နှစ်ဦးကို အဆိုတင်သွင်းလာကြသည့်အခါမှာ အဆိုပါ အရွေးချယ်ခံ နှစ်ဦးအား ဆယ်အိမ်စုမှူး (၅၈)ဦးမှ ဒီမိုကရေစီ နည်းလမ်းတကျ မဲဆန္ဒဖြင့် ဆန္ဒပြုကြရာ ဦးစိုင်းကျောက်မှ (၄၉)မဲ နှင့် ဦးစိုင်းကြည်လင်းမှ (၈)မဲ ကြားနေမဲ (၁)မဲဖြင့် ဦးစိုင်းကျောက်မှ မဲအများဆုံးရရှိသွားကြောင်း သိရသည်။
မဲအများဆုံးရရှိသော ဦးစိုင်းကျောက်သည် လက်ရှိ ဆန်ဆိုင်း(ခ)ရပ်ကွက်၏ ခေတ္တရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ကို ခန့်အပ်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ကြီးကြပ်ရေးအဖွဲ့မှ တင်ပြသွားမှာ ဖြစ်ကြောင်း သိရသည်။
ယခု ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ရွေးချယ်သော ဆန်ဆိုင်း(ခ)ရပ်ကွက်သည် ယခင်ကတည်းက ဆန်ဆိုင်း(ခ)ရပ်ကွက်အဖြစ် ရှိခဲ့သော်လည်း ၂၀၁၃ခုနှစ်အတွင်းက နိုင်ငံတော်အစိုးရမှ တရားဝင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ယခုမှ တရားဝင် သတ်မှတ်လိုက်တာ ဖြစ်ကြောင်း သိရှိရသည်။