အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်မှ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေးငွေပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့ကြသည်။ ယင်းနောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ ကိုယ်စား တာချီလိတ်ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်မှ ကျေးဇူးတင်စကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်မှ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေးငွေပေးအပ်ရာမှာ တာချီလိတ် ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ လေးသိန်းနှစ်သောင်းကျပ်၊ ကျိုင်းတုံ ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ ငါးသိန်းတစ်သောင်းကျပ်၊ တာချီလိတ်မြို့ ရွှေတောင်တန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ တစ်ရာ့ကိုးသိန်းရှစ်သောင်းငါးထောင်ကျပ်၊ တာချီလိတ်မြို့ အောင်မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ ငါးဆယ့်တစ်သိန်းလေးသောင်းကိုးထောင်ကျပ်၊ မိုင်းဆတ်မြို့ မဟာမြတ်မုနိလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေကျပ် နှစ်ဆယ့်ငါးသိန်းငါးသောင်းကျပ်၊ တာချီလိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၈)ကျောင်းအတွက် ဆရာမများ၏ လစာငွေ ကျပ် တစ်ရာ့ရှစ်သိန်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၄)ကျောင်းအတွက် ဆရာများ၏ လစာငွေ ကျပ် နှစ်ဆယ့်လေးသိန်း နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁)ကျောင်းအတွက် ဆရာများ၏ လစာငွေ ခြောက်သိန်းကျပ်တို့ကို အသီးသီးပေးအပ်ရာ စုစုပေါင်း ထောက်ပံ့ကြေးငွေမှာ ( ၃၃၄.၁၄)သိန်း ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ထောက်ပံ့ကြေးငွေများပေးအပ်ရာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်းရှိ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်တို့မှ ဘိုးဘွားရိပ်သာ (၂)ခု၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၃)ခု နှင့် မူလတန်းကြိုကျောင်း (၂၃)ကျောင်း ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် နှင့် အဖွဲ့အပါအ၀င် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တိုင်းရင်းသားများ၊ မူလတန်းကြိုကျောင်းမှ ဆရာ/မများ၊ စေတနာ့ဝန်ထမ်းများ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်လာကြသည်။
ပုံများကိုကြည့်ရန်