ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် နိုင်ငံတော်မှ ရပ်ကွက်များအား ပြောင်းလဲတိုးချဲ့ ဖွဲ့စည်းလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ဟောင်လိတ်ကျေးရွာအုပ်စုအား ဖျက်သိမ်း၍ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းလာရာ ရပ်ကွက်သစ်များအတွက် ခန့်အပ်တာဝန် ပေးအပ်ရန် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်များကို စတင်၍ ရွေးချယ်ခန့်ထားရန် ယနေ့ မတ်လ(၄)ရက် နံနက် (၁၀း၄၅)နာရီအချိန်က ပါဆပ်ဘုန်းကြီးကျောင်းမှာ ပါဆပ်ရပ်ကွက်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မှု အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ပါဆပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဆိုပါရပ်ကွက်ထဲတွင် ပါဝင်သည့် ခိုတောင်းရွာ၊ ပါဆပ်ရွာ နှင့် လွန်းကျိုင်းရွာတို့မှ တက်ရောက်လာသည့် ဆန္ဒပြုနိုင်သူ သို့မဟုတ် ပါဝင်ယှဉ်ပြိုင်နိုင်သူ ဆယ်အိမ်မှူးစုစုပေါင်း (၂၉)ဦးတက်ရောက်လာခဲ့ရာ တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီအဖွဲ့ဝင် ဦးစိုင်းလုံမား၊ တာချီလိတ်ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဦးမောင်ကြည်၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးကျော်သန်း အပါအ၀င် ခေတ္တဟောင်လိတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းကြုံနှင့် ကျေးရွာအဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ပါဆပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခံရန်အတွက် တက်ရောက်လာသည့် ဆယ်အိမ်မှူး (၂၉)ဦးထဲမှ ဦးစိုင်းတစ် နှင့် ဦးစိုင်းမုန့်တို့မှ ၀င်ရောက်ယှဉ်ပြိုင်ရာ အများသဘောတူညီချက်အရ မဲစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြရာမှ ဦးစိုင်းတစ်မှ ( ၁၂ )မဲ၊ ဦးစိုင်းမုန့်မှ ( ၁၆ )မဲနှင့် ပယ်မဲ (၁)မဲ တို့ဖြင့် ဦးစိုင်းမုန့်မှ ပါဆပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ်အနိုင်ရရှိသွားရာ အဆိုပါ အနိုင်ရရှိသွားသူ၏ အမည်စာရင်းအား တရားဝင် အတည်ပြုခန့်အပ်နိုင်ရန်အတွက် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကြီးကြပ်အဖွဲ့မှ ဆက်လက်တင်ပြသွားမှာ ဖြစ်ကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]