ဤဆောင်းပါးကို ရေးသားရခြင်းမှာ မိမိ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ
လက်ထောက်ကြီးကြပ်ရေးမှူး တာဝန်ကျနေသဖြင့် အလုပ်များနေကြောင်းနှင့် အတွေ့အကြုံများကို
စေတနာဖြင့် အပြုသဘော တင်ပြမည်ဖြစ်ကြောင်း ရေးသားခဲ့မိရာ မိမိ မိတ်ဆွေအများက Facebook Messagerမှ လည်းကောင်း၊ comment မှတသွယ် စောင့်မျှော်နေမည်ဖြစ်ကြောင်း ပြန်ကြားခဲ့သဖြင့် လည်းကောင်း ၊ မြန်မာ့ပညာရေးကို ပိုမိုကောင်းမွန်လာပြီး ကျောင်းသားကျောင်းသူ လူငယ်များကို ငယ်စဉ်ကပင် စနစ်တကျ ပြုစုပျိုးထောင်ခံရသည့် အနာဂတ်အတွက် အားကိုးရလောက်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေလိုသော စေတနာဖြင့်လည်းကောင်း၊ မည်ကဲ့သို့ မိဘများထိန်းကျောင်း ကြီးကြပ်ဖေးမ ပေးရမည့် အခြေအနေမှန်များကို သိရှိနားလည်ပြီး ဆောင်ရွက်ကြစေလိုသဖြင့် လည်းကောင်း ၊ မှန်ကန်သည့် ခံယူချက်ရှိသည့် ညီငယ် ညီမငယ် ပညာရေးဝန်ထမ်းများ အနေဖြင့်လည်း ဆောင်ရန်ရှောင်ရန်နှင့် အခြေအနေမှန်များကို သိရှိနားလည်ပြီး ဆရာကောင်း ပီသစေရေးအတွက် လည်းကောင်း ရေးသားရခြင်း ဖြစ်ပါကြောင်း အစီရင်ခံလိုပါသည်။
မိမိသည် နယ်စပ်ဒေသတွင် နှစ်ပေါင်းနှစ်ဆယ်ကျော် ပညာရေးဝန်ထမ်းအဖြစ် ဆက်တိုက်နေထိုင်ခဲ့ရသူ
ဖြစ်သဖြင့် ယခုတင်ပြချက်များသည် ပညာရေးကို လွန်စွာအားပေးသော မြို့ကြီးများ၏ အခြေအနေနှင့်
ကွာဟချက် ရှိနေပါမူ ခွင့်လွှတ်နားလည်ပေးပါရန် တင်ပြလိုပါသည်။
ဆောင်းပါးရှင်သည် မြို့နှင့် ခြောက်မိုင်ကျော်ဝေးသော ထိုင်းနယ်စပ်နှင့် တစ်မိုင်ပင်မဝေးသော နေရာမှ
မူလတန်းလွန်ကျောင်းအုပ်ဆရာကြီးဖြစ်ပြီး လက်ရှိကျောင်းတွင် လုပ်သက် ၁၃ နှစ်ရှိခဲ့ပြီဖြစ်ကြောင်း ကနဦး
တင်ပြလိုပါသည်။ ပညာအရည်အချင်းမှာ B.Sc (Chem) , B.Ed ဖြစ်ပါသည်။ မိမိကျောင်းဝန်းကျင်
ကျောင်းများအား အုပ်စုမှူးအဖြစ် ကြီးကြပ် ကူညီပေးနေရသူတစ်ဦး ဖြစ်ကြောင်းကိုလည်း တင်ပြ
လိုပါသည်။
စာမေးပွဲ ပထမနေ့ (၁၂.၃.၂၀၁၄) တွင် စာရေးသူသည် လက်ထောက်ကြီးကြပ်ရေးမှူး တာဝန်ဖြင့်
စာဖြေခန်း တစ်ခန်းတွင် အတန်းတွင်းတာဝန်ယူဆောင်ရွက်ရပါသည်။ အလယ်တန်းပြဆရာမတစ်ဦးနှင့်
တွဲဖက်တာဝန်ယူရခြင်းဖြစ်ပါသည်။ ၎င်းအတန်းတွင် ကံအားလျော်စွာ ကျွန်တော်၏ မူလွန်ကျောင်းတွင်
အမြင့်ဆုံး အတန်းဖြစ်သော သတ္တမတန်းအောင်သွားသည့် တပည့် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး ပါဝင်နေသည်ကို တွေ့ရပါသည်။ နှစ်ဦးစလုံးက တွေ့မြင်သည်နှင့် လေးလေးစားစား နှုတ်ဆက်ကြပါသည်။ သို့သော် စာမေးပွဲ စည်းကမ်းများအရ အပြုံးတစ်ဝက်ပေး၍ မိမိလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပါသည်။
မြန်မာစာ ဘာသာရပ်ဆိုသော်လည်း နာရီဝက်ပင်မပြည့်သေးပါ။ တပည့် ကျောင်းသားလေးမှာ
စားပွဲပေါ်မှောက်လျက်အိပ်နေပြီဖြစ်ပါသည်။ တပည့်မ ကျောင်းသူကလေးမှာ ကြိုးစားဖြေနေကြောင်း
မြင်တွေ့ရပါသည်။
စာမေးပွဲဖြေဆိုပြီး၍ လက်ထောက်ကြီးကြပ်ရေးမှူးများ၏ တစ်နေ့တာ ကိစ္စတာဝန်များကို ကြီးကြပ်ရေးမှူးမှ
မှာကြားပြီး ပြန်ခွင့်ပြုသည့် ညနေ(၃)နာရီအကျော်တွင် ကလေး(၂)ဦးနှင့် သက်ဆိုင်ရာများကို လေ့လာမေးမြန်းခဲ့ရာ မိမိထင်မြင်သည့်အတိုင်း ကျောင်းသားတပည့်မှာ မဖြေဆိုနိုင်ကြောင်းနှင့် ကျောင်းသူတပည့်မှာ ကောင်းစွာဖြေဆိုနိုင်ခဲ့ကြောင်း သိရှိရပါသည်။
မြန်မာစာကိုပင် ကောင်းစွာမရဘူးလားဟူ၍ စာဖတ်သူများဘက်မှ ထင်မြင်နေသူရှိပါလိမ့်မည်။ အမှန်တကယ် မြန်မာစာ မရသူများ အမှန် ရှိနေပါသည်။ ၎င်းကျောင်းသားသည် ကျွန်တော်၏ကျောင်းကို အုပ်စုတွင်း အခြားကျောင်းမှ လေးတန်းအောင်၍ ငါးတန်းလာတက်ခဲ့သော ကျောင်းသားဖြစ်ပါသည်။ မိမိအုပ်စုတွင်းမှ ကျောင်းအုပ်များကို လေးတန်းကို အရည်အချင်းမမီပါက ငါးတန်းအတွက် အခက်အခဲ ဖြစ်မည်ဖြစ်ကြောင်း အမြဲမှာကြားသော်လည်း ဆရာအမြဲ မတည်မြဲသော၊ အတန်းငါးတန်းကို ဆရာနှစ်ယောက်၊ တစ်ခါတစ်ရံ တစ်ယောက်တည်း သင်ကြားရသော ကျောင်းမှ ကလေးများသည် မူလတန်း အရည်အချင်း မပြည့်မီဘဲ ကျွန်တော်၏ ကျောင်းသို့ ရောက်လာမြဲဖြစ်ပါသည်။
ပဉ္စမတန်း အတန်းပိုင်များကိုလည်း လာသည့်ကျောင်းအလိုက် စနစ်တကျ မှတ်တမ်းထားပြီး ကလေးများ၏ အခြေအနေကို ကျွန်တော်ကျောင်းအုပ်ကြီးမှ မေးမြန်းစစ်ဆေးလေ့ရှိပါသည်။ ထို့ကြောင့် ပဉ္စမတန်းဆရာမမှ ဆရာကြီး အဲ့ဒီကလေး အခြေခံတွေ ဘာမှပါမလာဘူး ။ စာလုံးပေါင်းပြီး "ဆို"တာတောင် အသံမမှန်ဘူး။ ဒုက္ခဘဲ ဆိုသည်ကိုကြားခဲ့ရပါသည်။ မိမိကျောင်းသည်လည်း ဆရာအင်အား အသင့်အတင့်ရှိသော်လည်း ၀န်ထမ်းအင်အား လုံလောက်သော ကျောင်းမဟုတ်ပါ။ လုပ်အားပေး ဆရာမ (၂) ဦးကို ငှားထားရပါသေးသည်။ ပဉ္စမတန်းကျောင်းသား အရေအတွက်မှာလည်း ငါးဆယ်ကျော်ရှိပါသည်။ အတန်းပိုင်ဆရာမအား ဆရာမအနေဖြင့် အားလပ်ချိန်များတွင် မေတ္တာဖြင့် မြန်မာစာ အခြေခံများကို ကူညီသင်ပေးရန် စည်းရုံး၍မှာကြားခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ကျောင်း အတန်းပိုင်ဆရာတို့၏ နှစ်စဉ် မှတ်တမ်းမှတ်ရာ စစ်ဆေးခြင်းအမျိုးမျိုးနှင့်
စာမေးပွဲများအရ ၎င်းကလေးမှာ အတန်းအဆင့်ဆင့်ကို ကျော်လွန်၍ တက္ကသိုလ်ဝင်တန်းကို ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ မိဘနှင့်ဆရာပူးပေါင်း၍ ကလေး အခြေခံများ ခိုင်မာရန် ကျွန်တော်သည် အထပ်ထပ် အတန်းစဉ် သတ္တမတန်းအထိအမြဲ မှာကြားမြဲ ဖြစ်ပါသည်။ သို့သော်လည်း ကျောင်းအုပ်ကြီး မည်မျှပင် မှာကြားသော်လည်း အခြေခံ မခိုင်ဘဲ တက္ကသိုလ် ၀င်တန်းအထိပင် ယခုကျောင်းသား ရောက်ရှိခဲ့ပါပြီ။ မဖြေနိုင်ပါက အဆိုပါ ကျောင်းသားသည် အဆင့်မြင့်တက္ကသိုလ်ပညာ မရရှိဖို့အခြေအနေက ရာခိုင်နှုန်း များနေပြီဖြစ်ပါသည်။
ဆရာနှင့်နေ့စဉ် အများဆုံး မြန်မာစကားပြောဆိုသုံးနှုန်း ရေးသားနေသော မြန်မာနိုင်ငံသား ကလေးငယ်များသည် မြန်မာစာကိုပင် ခက်ခဲနေမည်ဆိုလျှင် အခြားအင်္ဂလိပ်ဘာသာဖြင့် လေ့လာသော ဘာသာရပ်များသည် ပို၍ပင် ခက်ခဲပါလိမ့်မည်။ မိဘများအနေဖြင့် မိမိကလေး အခြေအနေမှန်များကို သေချာလေ့လာသင့်သော အခြေအနေဖြစ်ပါသည်။ ဆရာများသည်လည်း အတန်းစဉ်အလိုက် အဆင့်ဆင့် မကုစားခဲ့သောကြောင့် ယခုကဲ့သို့ ရလဒ်ဆိုးဖြစ်နေရခြင်းဖြစ်ပါသည်။ မူလတန်းတွင်
တာဝန်ယူသော ဆရာများ၌ အထူးတာဝန်ရှိပါသည်။
စာမေးပွဲ ကောင်းစွာဖြေဆိုနိုင်သော ကျောင်းသူမှာ ကျွန်တော်၏ မူလွန်ကျောင်းတွင် သူငယ်တန်းမှ စတင်၍ တက်ခဲ့သောကလေးဖြစ်ပါသည်။ ကျွန်တော်၏ ကျောင်းတွင်လည်း အကောင်းဆုံးဟု မပြောလိုပါ။ ကျောင်းအုပ်ကြီးအနေဖြင့် နှစ်နှစ်မပြည့်မီပင် ပြောင်းနေကြသော လက်ထောက်ဆရာ/ဆရာမများကို အနီးကပ်ကြီးကြပ်နေရခြင်း ရှိပါသည်။
အလယ်တန်းဆင့်သို့ ရောက်သောအခါ များလာသည့် သင်ရိုးများကို ပြည့်မီအောင် သင်ကြားနေရသည့်
အလယ်တန်းပြဆရာများက အခြေခံကိုပြန်သင်ရန် ခက်ခဲသည်ကိုလည်း နားလည်စာနာမိပါသည်။ အလားတူ အထက်တန်းတွင် သင်ကြားနေရသော ဆရာများသည်လည်း ခက်ခဲလိမ့်မည်ဖြစ်ပါသည်။
အထက်တွင် တင်ပြခဲ့သော အခြေအနေများကို သိရှိခြင်းဖြင့် မိမိ၏ သားသမီး အခြေအနေများကို အမြဲတစေ ဂရုတစိုက်မပြုနိုင်သေးသော မိဘများအနေဖြင့် ကလေးများ မြန်မာစာ အခြေခံမှစ၍ ကလေးနှင့်နီးစပ် ပတ်သက်နေသော ဆရာ/ဆရာမများ၏ အခြေအနေများကို နားလည်သဘောပေါက်ပြီး မိမိကလေးများ ပညာတတ်ကြီးများ ဖြစ်ပေါ်လာစေရန် စဉ်ဆက်မပြတ် လေ့လာပံ့ပိုးပေးရန်လိုပါသည်။
လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်သွားခြင်းဖြင့် မိဘများ မျှော်မှန်းသလို ကလေးများ၏ အနာဂတ် ဘ၀တိုးတက်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်လျက် ၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ် မြန်မာ့ပညာရေး မြင့်မားရေးဆီသို့ (၁) ဆောင်းပါးအား နိဂုံးချုပ်လိုက်ပါသည်။