ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မြို့ပတ်လမ်းဖောက်လုပ်ရန် ကိစ္စကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်ဝန်းကျင်က စတင်၍ ပဏာမ လမ်းအူကြောင်း ဖော်ထုတ်သည့် အနေဖြင့် ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၁)ရှိ လမ်းတစ်လျှောက်တွင် အလံတိုင်နီများဖြင့် စိုက်ထူ သတ်မှတ်ခဲ့မှုကြောင့် မလွတ်ကင်းသည့် နေအိမ် မြေယာပိုင်ရှင်များအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ပြီး တစ်နှစ်အကြာ ရပ်တန့်ထားရာမှ ယနေ့ ဖေဖော်ဝါရီလ(၂၈)ရက် နံနက်(၉)နာရီက အဆိုပါ လမ်းဖောက်လုပ်မှုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစိုင်းနော်ခမ်း မှ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမမှာ အဆိုပါ လမ်းဖောက်လုပ်ရာ၌ မလွတ်ကင်းသည့် နေအိမ် မြေယာပိုင်ရှင်များနှင့် တွေ့ဆုံ၍ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း နှင့် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေ အပြင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ အပါအ၀င်၊ အထောက်အကူပြုကော်မတီများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပြင် ပါလျှံ(၁)မှ နေအိမ်/မြေယာပိုင်ရှင်များ တက်ရောက်လာခဲ့ကြသည်။
တွေ့ဆုံပွဲ၌ ပြည်နယ်ဝန်ကြီးက တာချီလိတ်မြို့တွင် ဗိုလ်ချုပ်လမ်းမကြီးတစ်ခုသာ အဓိက လမ်းဖြစ်နေသည့်အတွက် မြို့ပတ်လမ်းဖောက်လုပ်ရန် အမှန်တကယ်လိုအပ်နေပြီဖြစ်ကြောင်း၊ လမ်းဖောက်လုပ်ရာမှာ ဆိုးကျိုး၊ ကောင်းကျိုးများ ရှိလာနိုင်ကြောင်း ကောင်းကျိုးမှာ ယာဉ်တိုက်မှု အန္တရာယ်လျော့ပါးသွားနိုင်သလို ပညာရေး၊ ကျန်းမာရေးတို့အတွက် မြို့ပတ်လမ်းကပင် လွယ်လင့်တကူ သွားလာနိုင်မှာဖြစ်ကြောင်း နှင့် ဆိုးကျိုးနှင့်ပတ်သက်၍ ယခုလို လမ်းဖောက်လုပ်မည်ဆိုပါက မြို့ပတ်လမ်းတစ်လျှောက် မလွတ်ကင်းသည့် လူနေအိမ်၊ လယ်ယာခြံမြေများအား ဖယ်ရှာပေးရနိုင်တာကြောင့် နစ်နာမှုများရှိလာနိုင်မှာဖြစ်ကြောင်း ထို့အတွက်ကြောင့် လယ်ယာမြေပိုင်ရှင်များ အနေဖြင့် မြို့ပတ်လမ်း ဖောက်လုပ်ရေးအတွက် ပွင့်လင်းလွတ်လပ်စွာဖြင့် ဆွေးနွေးတင်ပြနိုင်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက မြို့ပတ်လမ်း ဖောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ အနေဖြင့် ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးတင်ပြကြပါရန် ထပ်မံရှင်းလင်းပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပဏာမတိုင်းတာစဉ်က လမ်းနှင့်မလွတ်သည့် အိမ်၊ လယ်ယာမြေ တည်နေရာများကို ရှင်းလင်းတင်ပြသည်။
တက်ရောက်လာသည့် အထောက်အကူပြုကော်မတီများနှင့် မြေပိုင်ရှင်များမှ တင်ပြကြရာတွင် "လမ်းဖောက်လုပ်ရန်ကိစ္စနှင့် ပတ်သက်၍ မဖြစ်မနေ ဖောက်လုပ်ရမည့် ကိစ္စဖြစ်သည့်အတွက် ထောက်ခံကြကြောင်း၊ လမ်းဖောက်လုပ်၍ ဖယ်ရှားခံရမည့် မြေယာပိုင်ရှင်များအတွက် နစ်နာကြေးနှင့် ပတ်သက်၍ မြေနေရာအစားထိုးပေးရေး မပေးရေးအပြင်၊ တန်ဖိုးငွေနှင့် ပတ်သက်၍ မည်မျှသတ်မှတ်ထားကြောင်းကို အဓိက သိလိုကြပြီး လမ်းဖောက်လုပ်ရာတွင် အစိုးရမှ တာဝန်ယူ ဖောက်လုပ်မည်ဆိုပါ က ကိစ္စမရှိနိုင်ကြောင်း၊ ကုမ္ပဏီအား ဖောက်လုပ်ခိုင်းမည်ဆိုပါက အဆိုပါ ကုမ္ပဏီအား အခွင့်အရေးများပေးရမည်ဖြစ်ရာ မည့်သည့် အခွင့်အရေးများပေးမည်ကို သိလိုကြောင်းနှင့် မိမိတို့၏ နေအိမ်အား ကွေ့ဝိုက်၍ ဖောက်လုပ်သွားနိုင်ပါက ကွေ့ဝိုက်ကျော်သွားပေးပါရန်"စသည့်ဖြင့် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။
ထိုသို့ ဆွေးနွေးတင်ပြချက်ကို ခြုံငုံ၍ ပြည်နယ်ဝန်ကြီးမှ ယခု ဖောက်လုပ်မည့် လမ်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတည်မပြုရသေးကြောင်း၊ ထို့နည်းတူ ပြည်ထောင်စု အစိုးရအဖွဲ့ကိုလည်း ပဏာမအနေဖြင့်သာ တင်ပြထားခြင်းဖြစ်ကြောင်း၊ တာချီလိတ်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများနှင့် အထောက်အကူပြုကော်မတီများအနေဖြင့် အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးစေလိုကြောင်း ထိုသို့ ဆွေးနွေးမှု အောင်မြင်သွားပါက ပြည်နယ်အစိုးရအနေဖြင့် ကြီးကြပ်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ ဒေသခံများမှ သဘောတူညီ၍ လမ်းဖောက်လုပ်တော့မည်ဆိုပါက ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးထားသည့် ဥပဒေတွင် အတိအလင်းပါရှိသည့် နစ်နာကြေးပေးရန် သတ်မှတ်နှုန်းအတိုင်း ပေးလျော်ရမှာဖြစ်ကြောင်း၊ နစ်နာကြေးအတွက် စည်ပင်သာယာရေးကော်မတီမှ ဘတ်ဂျတ်မလုံလောက်သည့်အတွက် ပြည်နယ်လွှတ်တော်သို့ ဘတ်ဂျတ်တင်သွင်းရမှာဖြစ်ပြီး ပြည်နယ်လွှတ်တော်မှ အတည်ပြုပြီးပါက ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်၊ ထိုမှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြပြီး၍ အတည်ပြုမှသာ နစ်နာကြေးများ ပေးလျော်နိုင်မှာ ဖြစ်သည့်အတွက် လတ်တလောမှာ အဆိုပါ စီမံကိန်းသည် အချိန်ကာလအားဖြင့် ကြာမြင့်နိုင်ဖွယ်ရှိကြောင်း ပြည်နယ်ဝန်ကြီး၏ ရှင်းလင်းပြောကြားချက်အရ သိရှိရသည်။
မြို့ပတ်လမ်းဖောက်လုပ်ရန်အတွက် လျာထားချက်တွင် ပါလျှံ(၁)၌ ဘုန်းကြီးကျောင်း အပါအ၀င် လူနေအိမ် အဆောက်အဦများနှင့် ၀က်ကောင်ရေ (၇၀၀)ခန့်ရှိသည့် မွေးမြူရေးခြံတစ်ခြံလည်း ပါဝင်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
ုနှင့်တွေ့ဆုံ