တာချီလိတ်မြို့ အ.ထ.က(ဟောင်လိတ်)၌ နွေရာသီ အခမဲ့ သင်တန်း ဖွင့်လှစ်

တာချီလိတ်မြို့ အ.ထ.က(ဟောင်လိတ်)၌ နွေရာသီ အခမဲ့ သင်တန်း ဖွင့်လှစ်
မတ် 10, 2014
By Tachileik News Agency
နွေရာသီကာလ ကျောင်းပိတ်ချိန် ရောက်လာပြီဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူ ကလေးသူငယ်များအတွက် နွေရာသီကာလ အခမဲ့ သင်တန်းများအဖြစ် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း နှင့် အင်္ဂလိပ်သဒ္ဒါသင်တန်း စတင်ပို့ချခြင်းကို ယနေ့ ၂၀၁၄ခုနှစ် မတ်လ(၉)ရက် နံနက်(၉)နာရီအချိန်က ဖဲကြိုးဖြတ်ဖွင့်ပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ကြသည်။

နွေရာသီ အခမဲ့သင်တန်းအား ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒိမာဝံသ၊ တာချီလိတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် အ.ထ.က(ဟောင်လိတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်မှုအပြီးမှာ သင်တန်းဖွင့်လှစ်ခြင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာအသီးသီးမှ ရှင်းလင်းပြောကြားပြီး အခမ်းအနားဖြစ်မြောက်ရန်အတွက် ပါဝင်ကူညီလှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ မှ အသီးသီးပေးအပ်သည်။

ယခုဖွင့်လှစ် သင်ကြားပို့ချသော သင်တန်းများအနက် ကွန်ပျူတာသင်တန်းတွင် ဆရာများအဖြစ် ဦးစိုင်း နှင့် ဦးဇေယျာအေး အပါအ၀င် အ.ထ.က(ဟောင်လိတ်)မှ ဆရာ/မများမှ သင်ကြားပေးပြီး တက်ရောက် သင်ယူသူ ကျောင်းသား/သူ (၆၀)ဦးရှိကြောင်းသိရသည်။

အင်္ဂလိပ်စကားပြောသင်တန်း နှင့် အင်္ဂလိပ်သဒ္ဒါသင်တန်းကို ဝေဠုဝန်ကျောင်းတိုက် ဆရာတော် နှင့် ၀န်ထမ်းကုန်း တောင်တန်းသာသနာပြု(ဗဟို)မှ ဆရာတော်တို့က သင်ကြားပို့ချပေးမှာဖြစ်ပြီး သင်တန်းသားများ အနေဖြင့် ကျောင်းသား/သူ (၁၂၀)ဦး ရှိပြီး အဆိုပါ သင်တန်းသုံးခုတွင် လက်ရှိစာရင်းအရ သင်တန်းသားဦးရေ စုစုပေါင်း (၁၈၀) ရှိကြောင်း သိရသည်။

ကွန်ပျူတာသင်တန်းတွင် ကျောင်းသားမိဘများမှ လှူဒါန်းထားသည့် ကျောင်းပိုင်ကွန်ပျူတာ (၄)လုံး နှင့်  ဝေဠုဝန်ဆရာတော်မှ ပံ့ပိုးပေးထားသည့် ဆရာတော်၏ ကွန်ပျူတာ (၄)လုံး စုစုပေါင်း (၈)လုံးရှိပြီး လာရောက်သင်ယူသည့် ကျောင်းသားများမှ ယူဆောင်လာသော လက်တော့ပ်ကွန်ပျူတာ (၅)လုံး စုစုပေါင်း ကွန်ပျူတာ (၁၃)လုံးဖြင့် စတင်၍ သင်ကြားပေးနေတာဖြစ်ပြီး ကွန်ပျူတာ အရေအတွက် နည်းနေသည့်အတွက် သင်တန်းသားများကို  မနက်တစ်သုတ် ညနေတစ်သုတ် သတ်မှတ်၍ သင်ကြားပေးနေသည်ဖြစ်ရာ ကွန်ပျူတာ သင်တန်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အဆင်ပြေစွာ သင်ကြားပေးနိုင်ရန်အတွက် လတ်တလောမှ ကွန်ပျူတာအလှူရှင်များ လိုအပ်နေကြောင်းကို  အ.ထ.က(ဟောင်လိတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေး၏ ပြောကြားချက်အရ သိရသည်။

 

{ ရုပ်သံတင်ဆက်မှု }

အဆိုပါ သင်တန်းများကို ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒိမာဝံသ နှင့် အ.ထ.က(ဟောင်လိတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးတို့မှ ပူးပေါင်း၍ ပထမအကြိမ်အဖြစ် အခမဲ့ သင်ကြားပို့ချပေးသော သင်တန်းဖြစ်ပြီး သင်ကြားပေးမည့် ကာလအား ၂၀၁၄ခုနှစ် မတ်လ (၉)ရက်နေ့မှ မေလ(၉)ရက်နေ့ထိ သတ်မှတ်ထားကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့ အ.ထ.က(ဟောင်လိတ်)၌ နွေရာသီ အခမဲ့ သင်တန်း ဖွင့်လှစ်

49 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~