အခမ်းအနားတွင် အဆိုပါ ဆပ်ကော်မတီ၏ ဥက္ကဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်၊ ဒုတိယ ဥက္ကဌ ဆယ်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်း၊ ဒုတိယဥက္ကဌ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်း နှင့် အဖွဲ့ အပါအ၀င် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းတို့ တက်ရောက်လာခဲ့ကြပြီး ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို အပါအ၀င် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်/ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များနှင့် လူမှုအဖွဲ့အစည်းများ တက်ရောက်လာခဲ့ကြသည်။
ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီမှ ဥက္ကဌ နှင့် ဒုတိယဥက္ကဌ များမှ ယခုလို လာရောက်တွေ့ဆုံရသည့် ကိစ္စနှင့် ပတ်သက်၍ ကနဦး ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေမှ ဦးဆောင်၍ သက်ဆိုင်ရာ အသီးသီးတို့မှ မိမိတို့၏ ခရိုင်၊ မြို့နယ် နှင့် ရပ်ကွက်ကျေးရွာများတွင် လိုအပ်နေသည့် အချက်အလက်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။
အဆိုပါ ဆွေးနွေးတင်ပြမှုတို့တွင် ခရိုင်၊ မြို့နယ်နှင့် ကျေးရွာတို့တွင် အခက်အခဲဖြစ်နေသော လမ်းပန်းဆက်သွယ်ရေးကိစ္စများ၊ GSM ဖုန်း ဆက်သွယ်မှုကောင်းမွန်ခြင်းမရှိသည့် ကိစ္စများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ မြို့ရှောင်လမ်း တိုးချဲ့ဖောက်လုပ်ရန် အခက်အခဲများ၊ တာချီလိတ်ရှိ ၀ါးတားဂိတ်များ၌ အသွားအပြန် ထိုင်းဘတ်ငွေဖြင့် မတန်တဆ ကောက်ခံနေသည့်ကိစ္စနှင့် သတင်းစာ ရောက်ရှိမှု မလွယ်ကူခြင်း စသည့် မေးခွန်းပေါင်း (၃၀)ကို မေးမြန်းကြရာ အဆိုပါ ဆပ်ကော်မတီအဖွဲ့မှ တာဝန်ရှိသူများက မေးခွန်း(၂၀)ကို ချက်ခြင်းဖြေရှင်း ဆောင်ရွက်ပေးပြီး၊ မေးခွန်း(၉)ခုကိုတော့ ဆက်လက် ညှိနှိုင်းပေးသွားမှာဖြစ်ပြီး ကျန် မေးခွန်းတစ်ခုဖြစ်သည့် လမ်းပန်းဆက်သွယ်မှု မကောင်းမွန်သော မြို့နယ်များတွင် သတင်းစာ ရောက်ရှိမှု အခက်အခဲကိစ္စအတွက် သက်ဆိုင်ရာသို့ ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်မိုင်းဖုန်းကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၏ မေးမြန်းချက်ဖြစ်သည့် မိုင်းဖုန်းကျေးရွာအုပ်စုသို့ အသွားအပြန် ယာဉ်များအား ၀ါးတားဂိတ်မှ အသွားအပြန် ဘတ်ငွေဖြင့် ကောက်ခံနေသည့်ကိစ္စအား ဖြေလျော့ပေးရန် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ ပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက အဆိုပါ ဂိတ်၏ လုပ်ပိုင်ခွင့် သက်တမ်းသည် စာချုပ်သက်တမ်းအရ ၂၀၁၉ခုနှစ်မှ ပြည့်မှာဖြစ်ပြီး စာချုပ်ထဲတွင် လွန်ခဲ့သော (၁၅)နှစ်ကတည်းက ကျပ်ငွေဖြင့် ကောက်ခံရန်ဟု သတ်မှတ်ထားတာမဟုတ်ပဲ ဘတ်ငွေဖြင့် ကောက်ခံရန် စာချုပ်၌ ချုပ်ဆိုထားသည့်အတွက် ၎င်းတို့အနေဖြင့် ဘတ်ငွေဖြင့် ကောက်ခံနေတာဖြစ်ကြောင်းအပြင် ၂၀၁၉တွင် စာချုပ်သက်တမ်း ကုန်ဆုံးသွားပါက ထပ်မံ တိုးခွင့်မရှိတော့ပဲ ပြည်သူလက်ထဲ အပ်နှံရမှာ ဖြစ်ကြောင်း ဖြေကြားသွားသည်။
အဆိုပါ မေးမြန်း ဖြေကြားမှုများတွင် တာချီလိတ်မြို့တွင် တယ်လီဖုန်းလိုင်းခေါ်ဆိုမှု လိုင်းမကောင်းမှုများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာချီလိတ်၌ ထပ်မံ၍ တာဝါတိုင် (၃)တိုင်အား စိုက်ထူရန် အစီအစဉ်ရှိသော်လည်း မြေနေရာ အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် လောလောဆယ်မှာ ခမရ(၃၃၁)တွင် တစ်နေရာ ရရှိထားပြီး ကျန်(၂)တိုင်အတွက် မြေနေရာကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း အင်ဂျင်နီယာချုပ် ဦးစိုးသိန်း မှ ဖြေကြားသွားခဲ့သည်။