တာချီလိတ်၌ ၂၄ကြိမ်မြောက် တရားပွဲ ပြီးမြောက်ပြီးနောက် ၂၅ကြိမ်မြောက် တရားပွဲ မကြာမီပြန်စမည်

တာချီလိတ်၌ ၂၄ကြိမ်မြောက် တရားပွဲ ပြီးမြောက်ပြီးနောက် ၂၅ကြိမ်မြောက် တရားပွဲ မကြာမီပြန်စမည်
မတ် 2, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ပွင့်လင်းကာလ ကျရောက်သည့် အခါတိုင်း၌ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့မှ တရားပွဲများကို ကျင်းပပြုလုပ်လေ့ရှိရာ ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှ စ၍  (၂၄)ကြိမ်မြောက် (၁၄)ညတိုင်တိုင် အထူးတရားပွဲကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်လာခဲ့ရာ ယနေ့ မတ်လ(၂)ရက်နေ့တွင် ဆရာတော် ဘဒ္ဒန္တ ဥတ္တမ ( သိကြားဂူ မိုးကုတ်ဓမ္မရိပ်သာ )မှ "အဓိပ္ပာယ်ရှိသောလူ"တရားခေါင်းစဉ်ဖြင့် တရားတော်ဟောကြား၍ အဆိုပါအဖွဲ့၏ (၂၄)ကြိမ်မြောက်  (၁၄)ညတိုင်တိုင် အထူးတရားပွဲအား အောင်မြင်စွာ ပြီးမြောက်စေခဲ့ကြသည်။

 (၂၄)ကြိမ်မြောက် တရားပွဲတွင် ရွှေည၀ါဆရာတော်မှ ပထမ နှစ်ည၌ တရားတော် ဟောကြားတော်မူခဲ့ပြီး ဆရာတော် ဘဒ္ဒန္တ ဥတ္တမ ( သိကြားဂူ မိုးကုတ်ဓမ္မရိပ်သာ )မှ နောက်ဆုံးနှစ်ညတွင် ဟောကြား၍ တရားပွဲပြီးမြောက်ခဲ့ရာ ထိုသို့ တရားပွဲဖြစ်မြောက်ရန်အတွက် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ၍ ဒေသခံ အလှူရှင်များဖြင့် စုပေါင်းကာ ကျင်းပပြုလုပ်ကြတာဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ယခု (၂၄)ကြိမ်မြောက် တရားပွဲ အပြီးတွင် ရွှေရတုအဖြစ် (၂၅)ကြိမ်မြောက် အထူးတရားပွဲကို တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြီးမြောက်ပြီးနောက် မတ်လ(၂၆)ရက်မှ ဧပြီလ(၁၀)ရက်နေ့ထိ (၁၆)ညတိုင်တိုင် တရားပွဲကို ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ (၂၅)ကြိမ်မြောက် တရားပွဲတွင် သီတဂူဆရာတော် နှင့် ဆရာတော် ဦးသုမင်္ဂလ တို့ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

"အခုလိုမျိုး တရားပွဲတွေ အဆက်မပျက်လုပ်ပေးတာ ဒီလို နယ်စပ်မြို့အတွက် အကောင်းဆုံးပဲ၊ အမျိုးဘာသာ သာသနာကိုလည်း စောင့်ရှောက်ရာ ရောက်တာပေါ့"ဟု နောက်ဆုံးည တရားပွဲသို့ လာရောက် တရားနာသူ အမျိုးသမီးကြီး တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~