အဆိုပါ ယာဉ်တိုက်မှုတွင် ဆိုင်ကယ် နှင့် ကား ပြင်းထန်စွာဖြင့် တိုက်မိတာဖြစ်ပြီး ကားပေါ်တွင် ရှိသော အမျိုးသားနှစ်ဦးအနက် ယာဉ်မောင်းသူမှာ လက်အရိုးကျိုးသွားကြောင်းနှင့် ၎င်းတို့နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆိုင်ကယ်မောင်းသူ အသက်(၃၈)နှစ်ရှိ အိုက်အောင်မှာ ခြေကျင်းဝတ်နေရာတွင် ပြတ်ထွက်သွားပြီး သေဆုံးသွားကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ရာသို့ ဝမ်ပုံနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မောင်မောင်စိုး နှင့် အဖွဲ့မှရောက်ရှိသွားပြီး ဒဏ်ရာရရှိနေသော ကားမောင်းလာသူ နှစ်ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဖမ်းဆီးပြီး မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ သေဆုံးသူ၏ ရုပ်လောင်းအား အဆိုပါနေရာမှ သယ်ဆောင်ကာ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့၌ မကြာခဏ ယာဉ်တိုက်မှုများဖြစ်တာနှင့် ပတ်သက်၍ "လူတွေက ခက်တယ်ဗျ လမ်းတွေမကောင်းတော့ လမ်းမကောင်းဘူးပြောကြတယ်၊ လမ်းကောင်းပြန်တော့လည်း နင်းကန်မောင်းကြတယ်၊ အခုလို ဖြစ်သွားကြတော့ ဘယ်သူ့အတွက်မှ မကောင်းဘူးပေါ့ဗျာ... တာချီလိတ်မှာ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်နေလို့ ဆိုင်ကယ်မောင်းရင်တောင် ဘယ်ချိန် ကိုယ့်အနောက်ကနေ ၀င်တိုက်သွားမလည်းလို့တောင် လန့်နေရတယ်"ဟု ကျောင်းဆရာတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။