ရှမ်းပြည်နယ်အရှေ့ပိုင်းက တောင်ပေါ်သားလူမျိုးစုတွေဟာ ယနေ့အချိန်အထိ ''ငွေဟောင်းပြား''တွေကို အသုံးပြုနေဆဲဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်က သုံးစွဲခဲ့ကြတဲ့ ဂျော့ခေါင်း(ဂျော့ဂေါင်း) ဒင်္ဂါးတွေကို တစ်ဦးနဲ့တစ်ဦး တစ်ရွာနဲ့တစ်ရွာ ရောင်းဝယ်ကြရာမှာ သုံးစွဲနေကြတုန်းပါ။
မြန်မာငွေကြေးကို ခိုင်မာမှုမရှိဘူး လို့ ယူဆထားကြပါတယ်။ ငွေဒင်္ဂါးဆိုတာကတော့ ရေစိုလည်း ဘာမှမဖြစ်၊ မြေထဲမှာ သိမ်းထားလို့လည်း ဖြစ်တာကိုး။ ဘိန်းအရောင်းအဝယ် ငွေချေရာမှာ သာမက ကျွဲ၊ နွား၊ စပါး၊ အိမ် အစရှိတာတွေကို ငွေချေရောင်းဝယ်တဲ့ နေရာတွေမှာလည်း တွင်ကျယ်စွာ သုံးစွဲခဲ့ကြပါတယ်။
အဲဒါ ဟိုးတုန်းခေတ်က အကြောင်းပြောတာနော်၊ အခုခေတ် ဘိန်း မရှိတော့ဘူး ယာမား ပဲရှိတယ် အဲလေ ယောင်လို့။ သူများနိုင်ငံမှာ ပြောတာပါ။ ဒီအရောင်းအဝယ်တွေမှာ တွင်ကျယ်ခဲ့တဲ့ ဒင်္ဂါးတွေကို ငွေဟောင်းပြား လို့ပဲ အားလုံးက ခေါ်ဝေါ်ကြပါတယ်။ ငွေဟောင်းပြားတွေကို မြို့ပေါ်လာတဲ့ အခါမှသာ မြို့ပေါ်သုံးတဲ့ ငွေကြေးနဲ့ လဲလှယ်သုံးစွဲဝယ်ယူကြပါတယ်။ အခုအချိန်ထိအောင် သုံးစွဲနေကြတုန်းပါ။တရားမဝင်ငွေကြေး ကြေငြာချင်သလောက်ကြေငြာ သူတို့ ဒုက္ခမရောက်ဘူး၊ လက်ထဲငွေတွေ မမိနိုင်ဘူး။ အဲလိုငွေဟောင်းပြား၊ ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေနဲ့ ဒေါ်လာ တို့ကို လဲလှယ်ပေးတဲ့ ဆိုင်တွေလည်း အများအပြားရှိကြပါတယ်။
ဒီဆိုင်တွေဟာလည်း ငွေဈေး အတက်အကျအပေါ် မူတည်ပြီး စားကြရပါတယ်။ ငွေလဲတဲ့ဈေးနှုန်း ထိုးကျတဲ့ အခါမျိုးဆိုရင်တော့ ခွက်ခွက်လန်အောင် အရှုံးကြီး ရှုံးတတ်ကြပါတယ်။ ငွေရှိယုံနဲ့မပြီးဘဲ ငွေဈေးအတက်အကျနဲ့ နိုင်ငံရေးဂယက် ရွှေဈေး စတာတွေကလည်း ဂယက်ရိုက်တတ်လို့ ငွေလဲ အရောင်းအဝယ် လုပ်သူတွေဟာ အမြဲမျက်ခြေမပြတ်ရှိနေရပါတယ်။ အဲဒီဆိုင်တွေကနေ တခါတရံ ဒေါင်းဒင်္ဂါး၊ အင်ဒိုချိုင်းနားသုံး ပြင်သစ်ဒင်္ဂါး၊ ရှေးဟောင်း တရုတ်ဒင်္ဂါး စတာတွေကို ရရှိတတ်ပါတယ်။
ထူးဆန်းတဲ့အရုပ်လေးတွေ နဲ့ ငွေထည်တချို့ကိုလည်း ရတတ်ပါသေးတယ်၊ ဈေးနှုန်းကတော့ မချိုတတ်ပါ။မိုင်းဖြတ်မြို့လွန်တာနဲ့ ထိုင်းဘတ်ငွေကိုပဲ လက်ခံသုံးစွဲကြပါတော့တယ်။ တာချီလိတ်မှာဆိုရင်တော့ မြန်မာငွေကို လုံးဝမသုံးစွဲကြတော့ပါဘူး။ မိုင်းလားနယ်ဘက်မှာတော့ တရုတ်ယွမ်ငွေပဲ သုံးပါတယ်။ ကားတွေလေလံပစ်တော့ ထိုင်းက အကြီးအကျယ်ပွပေါက်တိုးပါတော့တယ်။ ကားဟောင်းတွေ အခွံစွပ်ဖို့ ထိုင်းကနေဝယ်ကြရပါတယ်။ ကားဈေးတွေလည်းချက်ခြင်းခုန်တက်၊ ငွေလဲလှယ်နှုန်းတွေမှာလည်း မြန်မာငွေဈေးတွေချက်ခြင်းကျ နဲ့ မိအေးအကြိမ်ကြိမ်ကို နာခဲ့ပါတယ်။
ဆိုင်ကယ်တွေ လိုင်စင်ဖွင့်ပြန်တော့လည်း ထိုင်းက ရိုက်စားခွင် မိသွားပြန်ပါတယ်။ ဟမ်းဖုန်းတွေ ချပေးပြန်တော့လည်း ထိုင်းကနေ ဟမ်းဆက်တွေဝယ်ရပြန်ပါတယ်။ ဒီလိုပါပဲ တရုတ်ပြည်ကလည်း အကြိမ်ကြိမ်ကို ပွပေါက်တိုးခဲ့ပါတယ်။ မြန်မာပြည်က ကုန်ချောမထုတ်နိုင်တဲ့ နိုင်ငံဆိုတော့ ပြည်ပအားကိုး ပုဆိန်ရိုးတွေ ဖြစ်ကုန်တာပေါ့။ ပြောရမယ်ဆိုရင်တော့ မြန်မာပြည်က မူဝါဒအလွဲအမှားတွေဖြစ်လေ၊ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေမှားလေ ဘေးကကျား ချောင်းသလိုချောင်းနေတဲ့ စားဖါးနိုင်ငံတွေ ကောင်းစားလေပါ။
လူတွေရဲ့ လက်ထဲမှာတော့ ငွေကြေးက မရှိတော့ပါဘူး၊ ကားဆိုလည်းကား၊ ဆိုင်ကယ်ဆိုလည်း ဆိုင်ကယ် ဝယ်ပြီး လိုင်စင်ထည့်၊ သုံးဘီးဆိုင်ကယ် 'ဆမ်လော'့တွေ လိုင်စင်ပေးမယ် ဆိုတော့လည်း ဝယ်ထည့်၊ ဖုန်းဆိုတော့လည်း ဖုန်း ဖုန်းနဲ့ရူးကြပြန်တော့ ဘယ်မှာငွေရှိကြတော့မှာတုန်း။ ကျနော်တောင် ဒုက္ခတွေခံပြီး ကားလေလံတွေဝင်ဆွဲခဲ့သေး၊ ရူးတဲ့အထဲ ကျနော်လည်းပါခဲ့တာပေါ့။ ကားနဲ့ပတ်သက်ရင် အကျိုးမပေးဘူး အကြိမ်ကြိမ်ကို ရှုံးဖူးတယ်။ အလကားနေ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံက လူတွေ မွဲတေအောင် လုပ်ခဲ့ကြတယ်။
ဟဲဟဲ....တော်ပါပြီ ဘယ်တွေရောက်ကုန်မှန်းကို မသိတော့ပါဘူး။ ကျနော်က စာရေးအရမ်းပျင်းတယ် သူများရေးတဲ့စာပဲ ဖတ်ချင်တဲ့ကောင်ဗျ။ သိသလောက်သာ ရေးရရင်တော့ ဘာအလုပ်မှကို လုပ်ရတော့မှာ မဟုတ်တော့ပါဘူးဗျာ။ စိတ်အားတဲ့ အခါမှာတော့ ဝေးလံခေါင်ဖျားတဲ့ ရွာတွေ အများကြီး ဒီနယ်မြေထဲမှာ ရှိနေတဲ့အကြောင်း၊ ကိုယ်နိုင်ငံကို အုပ်ချုပ်သူ ဘယ်သူတွေဆိုတာတောင် မသိသူတွေ အများကြီးကို ရှိနေပါတယ်ဆိုတဲ့အကြောင်း၊ တောင်နှစ်လုံး သုံးလုံးကျော်ပြီးမှ ရောက်နိုင်တဲ့ ရွာတွေအများကြီးကို ရှိနေပါလား ဆိုတာကို ပြောပြချင်ပါသေးတယ်။ နောင်ဘယ်သူတွေ အုပ်ချုပ် အုပ်ချုပ် သူတို့ကတော့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။
မဲထည့်ရင်ရော မမေးနဲ့၊ ပြည်သူ့ဆန္ဒတွေ ဘာတွေလာမပြောနဲ့ ရွာလူကြီးပဲ ကြည့်ထည့်လိုက်ပါလို့ ပြောကြပါလိမ့်မယ်။ ဒါ့ကြောင့်တခါတလေ ဖေ့စ်ဘုတ်ပေါ်က တဖက်နဲ့တဖက် အပြောအဆို အရေးအသားတွေဟာ ရယ်စရာတွေဖြစ်နေပါတယ်။ ဒေသပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ လူတန်းစားပေါင်းစုံ တွေရဲ့ အထဲကို မွှေနှောက်ကြည့်လိုက်ပါ။ သူတို့ရဲ့ အကြောင်းတွေကို လေ့လာကြည့်လိုက်ပါဦး။