တာချီလိတ်မြို့ရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ဓမ္မစကူးလ်ကျောင်းတော်စတင်ဖွင့်လှစ်

တာချီလိတ်မြို့ရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ဓမ္မစကူးလ်ကျောင်းတော်စတင်ဖွင့်လှစ်
နိုဝင်ဘာ 2, 2013
By Tachileik News Agency
တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်) အလုပ်အမှုဆောင်အဖွဲ့မှ ဦးစီးဦးဆောင် ဖွင့်လှစ်သည့် ဓမ္မစကူးလ်ကျောင်းတော်ခွဲများအဖြစ်  မြို့နယ်အတွင်း သက်ဆိုင်ရာ ဘုန်းကြီးကျောင်းများတွင် အပတ်စဉ် စတင်ဖွင့်လှစ်လျှက်ရှိရာ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂ရက် နံနက် ၉နာရီအချိန်က သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ဓမ္မစကူးလ်ကျောင်းတော်အား ဖွင့်ပွဲအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာအုပ်စု သာသနာ့ဂုဏ်ရည် ကျောင်းတိုက် ဆရာတော် ဥူးဓမ္မဓဇ(သာသနဓဇ ဓမ္မာစရိယ)ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတော်မှ ဓမ္မစကူးကျောင်းတော်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍  သြ၀ါဒကထာ မြွက်ကြားတော်မူပြီး သီရိမင်္ဂလာ ဆန်ဆိုင်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနရိန္ဒ မှ ရှမ်းဘာသာဖြင့် သြ၀ါဒကထာ မြွက်ကြားတော်မူခဲ့သည်။
ယင်းနောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်) အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးကျော်သီဟက ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း
တင်ပြသွားခဲ့ပြီးနောက် သီရီမင်္ဂလာဆန်ဆိုင်းကျောင်းတိုက် ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်အဖွဲ့ မှ တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်) အလုပ်အမှုဆောင်အဖွဲ့သို့ အလှူငွေအဖြစ် ထိုင်းဘတ်ငွေ ၁၀၀၀၀ ဘတ်အား ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ သီရီမင်္ဂလာဆန်ဆိုင်းကျောင်းတိုက် ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်အဖွဲ့၊ ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်မှ သီရီမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ဓမ္မစကူးလ်ဖွင့်လှစ်ခွင့်ရရှိခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသွားသည်။
ယင်းနောက် အခမ်းအနားအား  သီရီမင်္ဂလာဆန်ဆိုင်းကျောင်း  ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနရိန္ဒ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးဝင်းထွန်း၊ သီရီမင်္ဂလာဆန်ဆိုင်းကျောင်းတိုက် ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ( ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ) ဦးစိုင်းကျောက် နှင့် မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်လေး(အဆွေတော်မိသားစု)တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
"အခုလိုမျိုး ကလေးတွေအတွက် အဓိက ရည်ရွယ်ပြီး ဓမ္မစကူးလ်ဆိုပြီးဖွင့်လှစ်ပေးတာ သိပ်ကောင်းပါတယ်၊ တာချီလိတ်က တစ်ဖက် နိုင်ငံနဲ့ နီးတယ်ဆိုတော့၊ ကလေးတွေအတွက် မလိုအပ်တဲ့ တုပမှုတွေ ပပျောက်စေတာပေါ့ "ဟု ဖွင့်ပွဲသို့ တက်ရောက်လာသည့် ရှမ်းတိုင်းရင်းသူ တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
ပုံများကိုကြည့်ရန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~