မြန်မာနိုင်ငံ၏ ပထမဆုံးသော Eastern Eagle Riders ဆိုင်ကယ်ကလပ် (၉)နှစ်ပြည့် မိတ်ဆုံဂုဏ်ပြုညစာ စားပွဲပြုလုပ်

မြန်မာနိုင်ငံ၏ ပထမဆုံးသော Eastern Eagle Riders ဆိုင်ကယ်ကလပ် (၉)နှစ်ပြည့် မိတ်ဆုံဂုဏ်ပြုညစာ စားပွဲပြုလုပ်
နိုဝင်ဘာ 24, 2013
By Tachileik News Agency
မြန်မာနိုင်ငံ၏ ပထမဆုံးသော အပျော်တန်းစီးဆိုင်ကယ်ကလပ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လွန်ခဲ့သော ၂၀၀၄ခုနှစ်က စတင်၍ Eastern Eagle Riders MC အမည်ဖြင့် ဖွဲ့စည်းလာရာ ၂၀၁၃ခုနှစ် နိုဝင်ဘာလ၌ ကျရောက်သည့် နှစ်ပတ်လည်သည် အဆိုပါ ကလပ်၏ (၉)နှစ်ပြည့် နှစ်ပတ်လည် ဖြစ်သည့်အတွက် နိုဝင်ဘာလ ၂၃ရက် ည ၆နာရီက တာချီလိတ်မြို့၊ ရီဂျီးနားဟိုတယ်ရှိ ဘီယာဥယျာဉ်၌ ဂုဏ်ပြု ညစာ စားပွဲ ပြုလုပ်ရာ ထိုင်းနိုင်ငံဘက်မှ အပျော်တန်းစီးဆိုင်ကယ်ကလပ်များနှင့် ဆိုင်ကယ်ဝါသနာရှင် နိုင်ငံခြားသားများလည်း လာရောက်ခဲ့ကြသည်။

 ဂုဏ်ပြု ညစာ စားပွဲသို့ ထိုင်းနိုင်ငံမှ  အပျော်တန်းစီးဆိုင်ကယ်ကလပ်များ အနေဖြင့် Horizon MC, Thailand၊ Kum Devil Mc ( Maesai )၊ Maesai Riders MC ( Maesai )၊ Reno MC ( Maesai ) နှင့် နိုင်ငံခြားသားများပါဝင်သည့် Black Sheep MC ( Chiang Mai ) စသည့် ကလပ်များမှ ရောက်ရှိလာကြပြီး Eastern Eagle Riders MC မှ သက်ဆိုင်ရာ ကလပ်များအလိုက် အမှတ်တရ ပစ္စည်းများ အပြန်အလှန် ဖလှယ်ခဲ့ကြသည်။

Eastern Eagle Riders MC အနေဖြင့် လာမည့် ဒီဇင်ဘာလ ၅ရက်နေ့တွင် ထိုင်းနိုင်ငံ ချိန်းရိုင်းမြို့ တွင် ကျင်းပြုလုပ်မည့် Chiang Rai International Air and Bike Week ပွဲသို့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ကြောင်း သိရသည်။

ချင်းရိုင်းမှ ပြန်ရောက်ပြီးနောက် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း အားကစားပွဲတော်သို့ ဒီဇင်ဘာလ (၈)ရက်နေ့တွင် အုပ်စုလိုက် သွားရောက်မှာ ဖြစ်သည့်အတွက် ရန်ကုန်/မန္တလေးမြို့ရှိ အပျော်တန်းစီး ဆိုင်ကယ်ကလပ်နှင့် တောင်ကြီးမြို့တွင် စု၍ နေပြည်တော်သို့ သွားမှာ ဖြစ်ကြောင်း သိရသည်။


အပျော်တန်းစီးဆိုင်ကယ်ကလပ်များသည် နိုင်ငံတကာတွင် အဖွဲ့လိုက် များစွာရှိနေကြပြီး ထိုသို့ အပျော်တန်းစီးဆိုင်ကယ်အဖွဲ့များကို တစ်ချို့က ဆိုင်ကယ်စီးလမ်းသရဲအဖွဲ့လို့ ယူဆကြတာကိုလည်း သိရသည်။ အဆိုပါ ယူဆမှုမျိုးနှင့် ပတ်သက်၍  Eastern Eagle Riders MC မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ King Eagle က "တစ်ချို့ကတော့ ဆိုင်ကယ်အကြီးကြီးတွေကို အုပ်စုလိုက် စီးသွားလာနေကြတာကို လမ်းသရဲအဖွဲ့ လေလွှင့်သူတွေလို့ ပြောကြပါတယ်၊ တကယ်တော့ လမ်းသရဲမဟုတ်ပါဘူး၊ ဆိုင်ကယ်ရဲ့ တန်ဖိုးဟာ အနည်းဆုံး ဘတ် ၃သိန်းကနေ ၁၅ သိန်းထိရှိပါတယ်၊ ဒီလိုဆိုင်ကယ်မျိုးနဲ့ အပျော်တန်းစီးပြီးခရီးသွားလာနေကြတာဟာ ကုမ္ပဏီပိုင်ရှင်တွေ၊ လုပ်ငန်းရှင်ကြီးတွေပါဝင်ပါတယ်၊ တော်ရုံလူလိုက်ပါလို့မရပါဘူး၊ ဘာကြောင့်လည်းဆိုရင် ဆိုင်ကယ်ရဲ့ တန်ဖိုးက ဈေးမြင့်လွန်းလို့ပါ၊ အရင်တုန်းက မယ်ဆိုင်မြို့ပိုင်ဆိုရင် အပျော်တန်းဆိုင်ကယ်စီး အဖွဲ့ရဲ့ ပါတီပွဲတွေကို သူ့ရဲ့ ဆိုင်ကယ်အကြီးကြီးနဲ့ လာတာတွေရှိပါတယ်၊ တစ်နည်းပြောရရင် ဆိုင်ကယ်ချစ်သူများလို့ ပြောလို့ရပါတယ်ဟု "တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

 Eastern Eagle Riders MC အား ၂၀၀၄ခုနှစ်ကတည်းက ဖွဲ့စည်းထားသည့်အတွက် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဆိုင်ကယ်ကလပ်ဖြစ်ပြီး အစီးရေအင်အားလည်း အများဆုံးဖြစ်သည့်အပြင် အဆိုပါ ကလပ်သို့ မန်ဘာအဖြစ် ၀င်ရောက်လိုသူများကိုလည်း (၂)နှစ်ဝန်းကျင်အကြာ စောင့်ကြည့်ပြီးမှ အဖွဲ့သားများနှင့် စိတ်တူ ကိုယ်တူ ဖြစ်မှသာ မန်ဘာအဖြစ် လက်ခံတာဖြစ်ကြောင်း နှင့် ထို့သို့ စိတ်တူကိုယ်တူဖြစ်သည့် အတွက် ယခုလို သက်တမ်း (၉)နှစ်မြောက်ခဲ့တာဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
Eastern Eagle Riders MC ၉နှစ်မြောက်အထိမ်းအမှတ်အဖွဲ့သားများတွေ့ဆုံ

62 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~