အဆိုပါ အခမ်းအနားတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း ( CRC ) နှင့် ပတ်သက်၍ "CRC မူကြမ်းကို ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့ (၄၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ခုနှစ် ဇူလိုင်လမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ လက်မှတ်ရေးထိုးခဲ့ပြီး ယင်းနှစ် ၁၅ရက်နေ့မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့ပြီးဖြစ်ကြောင်း၊ CRC မှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ရာမှာ CRC ကို အကောင်အထည် ဖော်ဖို့အတွက် ပြည်တွင်း ဥပဒေဖြစ်သည့် ကလေးသူငယ်ဥပဒေကို ၁၉၉၃ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့မှာ ပြဌာန်းခဲ့ပြီး ၂၀၀၁ခုနှစ် ဒီဇင်ဘာလမှာ နည်းဥပဒေကို ဆက်လက်ရေးဆွဲ ပြဌာန်းခဲ့တာဖြစ်ကြောင်း" အဖွင့်အမှာ စကားအဖြစ် ရှင်းလင်းပြောကြားသွားသည်။
၎င်းနောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဒုတိယဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း က ကလေးသူငယ် ဥပဒေနှင့် ပတ်သက်၍ "ကလေးသူငယ် ဥပဒေပုဒ်မ (၆၅)ပါ ပြဌာန်းချက်များအရ ကလေးသူငယ်ကို အန္တရာယ်ရှိသည့် အလုပ်စေခိုင်းခြင်း၊ စာရိတ္တ ပျက်ပြားစေသည့် အလုပ်ခိုင်းစေခြင်း၊ အရက်ဝယ်ခိုင်းခြင်း၊ အရက်ရောင်းခိုင်းခြင်း၊ လောင်းကစား လုပ်ခိုင်းခြင်း စသည့် ဖြစ်ရပ်တွေကို ပတ်ဝန်းကျင်မှာ တွေ့မြင်နေရသော်လည်း အမှုဖွင့် တိုင်ကြားခြင်း မရှိသည့်အတွက် အရေးမယူနိုင်ဘဲ ဖြစ်နေတာကို တွေ့နေရပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဲအရေးပိုင်သည့် ကိစ္စမဟုတ်သည့်အတွက် သိသူ မြင်သူများအနေဖြင့် အမုန်းမခံ၊အလုပ်ရှုပ်ခံပြီး တိုင်တန်းကြခြင်း မပြုတာလည်းပါကြောင်း၊ တကယ်တော့ အဆိုပါ ပုဒ်မ (၆၅)ပါ ပြစ်မှုသည် ထောင်ဒဏ် (၆)လအထိ ပြစ်ဒဏ်ထိုက်သင့်ပြီး အမှန်တကယ် ကလေးသူငယ်အပေါ် ကျူးလွန်မှုမှန်လျှင် အမှုဖွင့် တိုင်ကြားကြပြီး အရေးယူသင့်သည့် ပြစ်မှုဖြစ်ကြောင်း" အဖွင့်မိန့်ခွန်း၌ ပြောကြားသည်။
"အလားတူ ပုဒ်မ (၆၆)အရ အသက် (၁၆)နှစ် မပြည့်သေးသည့် မိန်းကလေးက ပြည့်တန်ဆာအဖြစ် အသက်မွေးသည်ကို သိလျှက်နှင့် လျစ်လျှူရှု့ထားခြင်း၊ ကလေးသူငယ်ကို တောင်းရမ်းခိုင်းခြင်း၊ တမင်ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ကလေးသူငယ်အား ညစ်ညမ်းဓါတ်ပုံရိုက်ခြင်း စသည့် ပြစ်မှုတွေအတွက် ထောင်ဒဏ် (၂)နှစ်အထိ ပြစ်ဒဏ်ထိုက်ကြောင်း"၎င်းမှ ဆက်လက်ပြောကြားသွားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲမှ တစ်ခန်းရပ်ပြဇာတ်ဆုရရှိသော ပထမဆု နှင့် ဒုတိယဆု ရှင် တာလေမြို့နယ်ခွဲကျောင်းများမှ နားအွန်ကျောင်း နှင့် အ.ထ.က(တာလေ)တို့မှ ဖျော်ဖြေ ကပြသည်။
ဆက်လက်၍ အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ နှင့် မူလတန်းအဆင့်
ရောင်စုံပန်းခင်း ကဗျာစပ်ဆိုပြိုင်ပွဲအား ကျင်းပပြီးနောက် တဆက်တည်းမှာပင် ဆုရရှိသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ရာ လူမှုရေးအသင်းအဖွဲ့များ နှင့် စီးပွားရေးလုပ်ငန်းရှင်များက ထပ်ဆင့်၍ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြသည်။
ပုံများကိုကြည့်ရန်