သတင်းဆိုတာ
ဟိုအရင်တစ်ချိန်တုန်းက ကျွန်တော်တို့တွေဟာ သတင်းဆိုတာနဲ့ တီဗီရှေ့မှာထိုင်ပြီး ကြည့်နေခဲ့ရတဲ့ "ရောက်ရှိ မှာကြား ကြည့်ရှုစစ်ဆေး" ဆိုတဲ့ အချက်တွေနဲ့ အမြဲပြည့်နှက်နေတဲ့ ပြကွက်ကို ဖန်တရာတေအောင် ကြည့်ခဲ့ဖူးပါရဲ့။ ကြည့်နေရင်းနဲ့ အပျော်ဆုံးအချိန်တွေလည်းရှိခဲ့ပါတယ်။
အဲ့ဒါကတော့ ကြော်ငြာလာတဲ့အချိန်ပေါ့ဗျာ.....။ ဆိုလိုချင်တာကတော့ တစ်ချိန်တုန်းက သတင်းဆိုရင် စိတ်ဝင်စားစရာ သိပ်မရှိလှတဲ့ပြကွက်တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲ့ဒီတုန်းက လူတွေဟာ သတင်းဆိုရင် စိတ်ဝင်စားစရာ မကောင်းတဲ့ ပုံပြင်တစ်ပုဒ်လို့ ယူဆကြပါတယ်။
အခုတော့ သတင်းဆိုတဲ့ စကားလုံးဟာ လူစိတ်ဝင်စားခံရဆုံးနဲ့ ရေပန်းအစားဆုံးစကားလုံး တစ်ခုဖြစ်လာခဲ့တယ်ဆိုတာ စာဖတ်သူ အသိပဲ ဖြစ်ပါလိမ့်မယ်။ သတင်းဆိုတာနဲ့ပတ်သက်လို့ စာဖတ်သူ သတိထားမိမလားပဲ ပုရွတ်ဆိတ်လေးတွေ တန်းစီပြီးသွားလာကြတဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ခေါင်းရှောင်မသွားကြပဲ တစ်ကောင်နဲ့တစ်ကောင်တစ်ချက်လောက် တို့ထိတိုက်မိပြီးမှ သွားစရာရှိတဲ့လမ်းကို ဆက်သွားကြပါတယ်။
ကျွန်တော့်အထင် သူတို့လည်း တစ်ကောင်နဲ့တစ်ကောင် ဘာထူးလဲ ဆိုတဲ့ အမေးသဘောနဲ့များလားလို့ ထင်မြင်ယူဆမိပါသေးတယ်။ အဲ့လိုပဲ လူတွေလည်း တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါမှာ သတင်းနဲ့ပတ်သက်ရင် ဒီနေ့ဘာထူးလဲ၊ ဟိုသတင်းကြားပြီးပြီလား ဟိုဝဘ်ဆိုက်မှာ ဟိုသတင်းတွေ့တယ်၊ Facebook မှာတော့ ဘယ်သတင်းဌာနက ဒီလို ပြောထားတယ်၊ ဟိုမင်းသမီးက ဟိုလိုဖြစ်တယ်၊ ဒီမင်းသားက မိန်းမယူတော့မယ် တဲ့ စသည်ဖြစ်ပေါ့ဗျာ လူတွေဟာ ဘာဖြစ်ဖြစ် သတင်းနဲ့ပတ်သက်လာရင် ထူးပေ့ ဆန်းပေ့ ဟုတ်ပေ့ ဆိုတာကြီးပါပဲ။
အခုနောက်ပိုင်းမှာ လူတွေဟာ သတင်းနဲ့ပတ်သက်လာရင် ပွင့်လင်းလာကြတယ်၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသား/သူတွေ၊ အနုပညာသည်တွေ၊ လူငယ်/လူလတ်/လူကြီးတွေ အများအပြားဟာ သတင်းဂျာနယ်တွေကို ၀ယ်ဖတ်မဲ့အစား Facebook ပေါ်က သတင်းဌာနတွေရဲ့
Fan Pages တွေကို Like နိပ် ၀င်ရောက်ပြီး သတင်းတွေကို ဖတ်ရှု့လေ့လာကြတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီလို အွန်လိုင်းပေါ်က သတင်းတွေကို ဖတ်ရှု့တဲ့အခါမှာ တချို့တွေဟာ ၀ါဒဖြန့်တဲ့ သတင်း၊ နိုင်ငံတော်ကို ဆူပူမှုဖြစ်စေတဲ့သတင်း၊ ပါတီသတင်း၊ ပရဟိတသတင်း၊ အနုပညာဖျာ်ဖြေရေးသတင်း၊ သာရေးနာရေးသတင်း၊ မနာလိုမုန်းထားပေးစာများ စသည်ဖြင့် သတင်းပုလင်းပေါင်းစုံကို တင်နေကြသလို ဖတ်သူကလည်း ဖတ်လို့ ပြန်လည်ဖွသူကလည်း ဖွကြပါတယ်။
အင်တာနက်ကို အသုံးပြုပြီး သတင်းတွေကို ဖတ်တဲ့လူဟာ အင်တာနက်ရဲ့ အကျိုးကျေးဇူးကို ခံစားသိမြင်နိုင်ပေမဲ့ အင်တာနက်ကို အသုံးပြုပြီး မဟုတ်မမှန်တဲ့ သတင်းကိုတင်တဲ့အခါမှာ သတင်းကနေ အတင်းဖြစ်သွားစေခဲ့ပါတယ်။ အဲ့လို မမှန်တဲ့ သတင်းကို တင်ပေးလိုက်တဲ့အခါမှာ အသိပညာတိုးတက် စ ဖြစ်နေသေးတဲ့ စာဖတ်သူများအတွက် အယူလွဲမှားစွာ ကောက်ချက်ချသွားတတ်ကြပါတယ်။ ဆိုတော့ကာ သတင်းမှသည် အတင်း မဖြစ်ဖို့အရေးကြီးပါတယ်။
ပေးစာ (သို့မဟုတ်)တိုင်စာ
အင်တာနက်ဆိုတာ ဘာကြီးလဲ အာဒံနဲ့ဧ၀တို့ရဲ့ ပန်းသီးတစ်လုံးလိုမျိုး အဆိပ်သင့်စေတဲ့ အသီးကြီးလား၊ အင်တာနက်ဆိုတာ တီဗီအကြီးကြီးလား အဲ့လို အင်တာနက်ဆိုတာကို ဘာမှန်းမသိသေးတဲ့လူတွေရှိသလို၊ အင်တာနက်ဆိုတာနဲ့ ၀န်ထမ်းတွေဟာ သတင်းဖော်ပြရာ နေရာဆိုတာထက်ကြောက်စရာကောင်းတဲ့ မဟူရာတွင်းကြီးလို့ မြင်မိကြတာကိုလည်း ကျွန်တော်တွေ့မိပါသေးတယ်။
ဘာကြောင့် အဲ့လို သူတို့တွေက ထင်မြင်ကြရတာလဲ မေးစရာရှိလာပါတယ်။ အင်တာနက်.... အင်တာနက်လို့ ပြောလိုက်တာနဲ့ လူတွေဟာ ဗဟုသုတရှာစရာနည်းပညာတွေ စုဆောင်းစရာ အပေါင်းအသင်းကောင်းတွေ ရနိုင်တဲ့ နေရာလို့ အကောင်းမမြင်နိုင်ကြတော့ပဲ အင်တာနက်မှာ တိုင်စာ/ပေးစာလေးတွေရေးပို့ချင်လို့ဆိုပြီး အသက် ၃၀ အထက်လူကြီးများဟာ စိတ်အားထက်သန်ကြပါတယ်။ အဲ့လို လူမျိုးတွေကိုလည်း တော်တော်များများ မြင်မိ တွေ့မိပါတယ်။
သူတို့တွေ ဘာကြောင့် ပေးစာ/တိုင်စာ ပေးကြတာလဲ?
ပြည်သူတွေကို မျက်စိပိတ် နားပိတ် နှစ် နှစ်ဆယ်ကျော် လုပ်ခဲ့တာတွေကြောင့် ပြည်သူတွေရဲ့ စိတ်ထဲမှာ မျိုသိပ်ခံစားမှုတွေ များနေကြတာကိုတွေ့ရပါတယ်။ အဲ့လိုမျိုးတွေဖြစ်နေတဲ့အခါကြတော့ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်ရင် လက်အောက်ငယ်သားတွေကို အထက်လူကြီးက ဖိနှိပ်တာမျိုးတွေ လုပ်လာတဲ့အခါ ဘယ်ကို သွားတိုင်ရမှန်းမသိဖြစ်လာတတ်ကြပါတယ်။ အဲ့ဒါကြောင့် အင်တာနက်က သတင်းဌာနတွေစီကို ပေးစာ/တိုင်စာတွေပေးပို့လာတဲ့ စနစ်ကို ရောက်လာခဲ့ကြတော့တာပါပဲ။
တစ်ချို့က အမှန်တကယ် နစ်နာကြလို့၊ တစ်ချို့က လိုတာမရလို့၊ တစ်ချို့က မနာလိုလို့၊ တစ်ချို့က မတရားဖိနှိပ်ခံရလို့၊ တစ်ချို့က ခေါင်းပုံဖြတ်ခံရလို့၊ တစ်ချို့က သူတစ်ပါးစားနေရတာကို မနာလိုလို့၊ တစ်ချို့က အောင်မြင်နေတာကို မမြင်ချင်လို့၊ တစ်ချို့ကမျက်စိဆံပင်မွှေးစူးလို့၊ တစ်ချို့က.... တစ်ချို့က...
စသည်ဖြင့် အကြောင်းအမျိုးမျိုးရေးပြီး အင်တာနက်က ပြင်ပ သတင်းဌာန တွေဆီကို ပေးစာလေးတွေ ပေးပို့တတ်ကြပါတယ်။ အဲ့လိုပေးစာတွေ ပေးခွင့်လူတိုင်းမှာ ရှိပါတယ်။ လွတ်လပ်တဲ့ မီဒီယာခေတ်ကြီးထဲမှာ ဘယ်သူမှ တားဆီးပိတ်ပင်လို့ မရပါဘူး။
သို့သော်... မိမိအနေနဲ့ ပေးပို့လိုက်တဲ့ ပေးစာမှာ အချက်အလက်တွေ မှန်ကန်တိကျဖို့လိုပါတယ်။ မမှန်မကန်မရေးမိစေဖို့ အထူးလိုပါတယ်။ မှန်ကန်နေရင်ကိစ္စမရှိပေမဲ့ မှားယွင်းနေရင် တစ်ဖက်သားအပေါ် နစ်နာစေပါတယ်။
ဘာကြောင့် ပေးစာလက်မခံတာလဲ
ပြင်ပမှာရှိတဲ့ သတင်းမီဒီယာတိုင်းဟာ ပေးစာကဏ္ဍကို သိပ်လက်ခံလေ့မရှိပါဘူး။ ဘာကြောင့်လက်မခံကြသလဲဆိုတာ အဖြေရှိပါတယ်။ မှားနေလား မှန်နေလား မသိရတဲ့ ပေးစာတစ်စောင်ကြောင့် မိမိတို့အနေနဲ့ ငွေအား၊ လူအား၊ ဥာဏ်အားတွေနဲ့ စိုက်ထုတ်ပြီး တည်ထောင်ထားတဲ့သတင်းဌာနတစ်ခု နာမည်ဆိုးမထွက်လိုခြင်း နာမည်မပျက်လိုခြင်းတို့အတွက်ကြောင့် လက်ခံဖော်ပြပေးခြင်းမရှိတာဖြစ်တယ်လို့ ယူဆမိပါတယ်။
ပေးစာတိုင်းရဲ့ ဖော်ပြချက်တိုင်းမှာ အမှားဆိုတာပါသလို အမှန်ဆိုတာလည်းပါနေတတ်ပါတယ်။ အမှားအမှန်ရောထွေးနေတာကြောင့် သန့်ရှင်းစွာ ရပ်တည်လိုတဲ့ သတင်းဌာနတွေ အနေနဲ့ ပေးစာတစ်ခုကြောင့် သတင်းမှားကို ဖော်ပြပေးမှုဆိုတဲ့ ရှုံ့ချမှုတွေ တစ်ဖက်သားအပေါ် လုပ်ကြံအသရေဖျက်မှုတွေဆိုတဲ့ စကားလုံးတွေကို လက်မခံနိုင်တာကြောင့် ပေးစာကို လက်ခံခြင်း မရှိတာလို့ မြင်ပါတယ်။
ဘာကြောင့်ပေးစာလက်ခံတာလဲ
ပေးစာကဏ္ဍကို လက်ခံတဲ့ သတင်းဌာနတွေကိုလည်း လက်ချိုးရေတွက်လို့ရသလို ပေးစာကဏ္ဍကို လက်ခံတဲ့ သတင်းဌာနဟာ နာမည်ရလိုမှုအတွက် လက်ခံတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေဟာ သတင်းဆိုတဲ့ သပွတ်အူထဲက ပေးစာကဏ္ဍကို စိတ်ဝင်စားသူများပြား တာကြောင့်ဖြစ်ပါတယ်။ ပေးစာကို လက်ခံတဲ့ သတင်းဌာနတွေအနေနဲ့ သူတို့ကို ပေးပို့လာတဲ့ ပေးစာမှန်သမျှကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တင်ပေးလိုက်တာပဲဖြစ်တယ်။ ပေးစာတစ်စောင်အပေါ် သူတို့အနေနဲ့ သေချာခြင်း၊ မှန်ကန်ခြင်းရှိမရှိ ဆိုတာကို စီစစ်မှုမရှိပါဘူး။ အဲ့လိုပဲ သူတို့အနေနဲ့ တင်ပေးလိုက်ကြတယ်။ ဖြစ်လာတဲ့နောက်ဆက်တွဲမှာ တာဝန်ယူမှုဆိုတာလည်း မရှိပါဘူး။
ဥပမာ အနေဖြင့် ဖော်ပြရရင်
ဟစ်တိုင်ဝဘ်ဆိုက် ကို လူတိုင်း သိကြမယ်ထင်ပါတယ်။ အဲ့ဒီဝဘ်ဆိုက်ကို မြန်မာပြည်က လူတွေတော်တော်များများ ၀င်ရောက်ကြည့်ကြပါတယ်။ ၀င်ရောက်ကြည့်သူတွေဟာ ဟစ်တိုင်က တင်တဲ့ သတင်းကို ကြည့်တာမဟုတ်ပဲ ပေးစာကဏ္ဍကို ကြည့်ကြတာများပါတယ်။ ဟစ်တိုင်ကို
လူတွေက သတင်းဌာနတစ်ခုလို မသတ်မှတ်တော့ပဲ ပေးစာတစ်ခုကိုအမြဲတင်ပေးတဲ့ ကျောက်သင်ပုန်းတစ်ခုလို သတ်မှတ်ကာ ကြည့်နေကြခြင်းဖြစ်သလို ဟစ်တိုင်ထဲက ပေးစာတွေဟာလည်း အဖြတ်အတောက်မရှိ တင်ပေးသလို တစ်ဖက်မှ ပြန်လည်ချေပမှုများ စတာတွေကိုတင်ပေးနေတာတွေ့ရပါတယ်။ သူတို့တွေအနေနဲ့ သတင်းကနေ အတင်းဖြစ်ဖြစ် ပို့လာသမျှ တင်လိုက်ရင်ပြီးရောဆိုတဲ့ သဘောနဲ့ ပေးစာတွေကို ဟုတ်မှန်သလား ဆိုတာ မစီစစ်ပဲ တင်ပေးတာတွေ တွေ့ရတယ်။ အဲ့ဒီမှာ တင်ပေးထားတဲ့ ပေးစာတွေမှာ တစ်ယောက်နဲ့တစ်ယောက် မနာလိုလို့ ပေးတဲ့ ပေးစာတွေ၊ ကျောင်းဆရာ/ဆရာမအချင်းအချင်း ၊ ရပ်ကွက်အုပ်ချုပ်သူအချင်းချင်း၊ ဌာနဆိုင်ရာအုပ်ချုပ်သူအချင်းချင်း မနာလိုလို့ တိုင်ကြားတဲ့ စာတွေ ပြန်လည်ချေပချက်တွေနဲ့ စည်းကမ်းမဲ့စွာ ဖော်ပြနေတဲ့ အတင်းဌာနတစ်ခုလို့ အများက မြင်နေကြပါတယ်။
စာဖတ်သူအနေနဲ့ လေ့လာနိုင်ပါတယ်။ မည်သည့်အလုပ်ကိုမဆို တာဝန်ယူမှုရှိရပါတယ်။ တာဝန်ယူမှုမရှိပဲ လုပ်နေတဲ့ ဌာနတစ်ခုက ပေးစာတွေကို ယုံသင့်သလား မယုံသင့်သလား စဉ်းစားဖို့ပဲလိုပါတယ်။ တချို့တွေက ပြောကြပါသေးတယ်။ ဟစ်တိုင်ကပေးစာတွေမှာ ဟိုဖက်ကလာရင် တင်ပေးလိုက်၊ ဒီဖက်ကလာရင် တင်ပေးလိုက်နဲ့ အလယ်ကနေ မီးမှုတ်ပေးနေသလိုပဲ တဲ့၊ ဟုတ်လား မဟုတ်လားဆိုတာကိုတော့ စာဖတ်သူတို့ လေ့လာနိုင်ပါတယ်။ အခုလို ဥပမာနဲ့ ပြောလိုက်ရတာကတော့ စာရေးသူအနေနဲ့ဟစ်တိုင်ကို စော်ကားခြင်းမဟုတ်ပါ။
ပေးစာနဲ့ပတ်သက်ရင် ဖြစ်တတ်တာကို ထောက်ပြခြင်းဖြစ်သလို ဟစ်တိုင်ကိုလည်း ဒီဆောင်းပါးနဲ့ ထောက်ပြခြင်းလည်းဖြစ်ပါတယ်။
အီလက်ထရောနစ် ဥပဒေ
အဲ့လိုမျိုး ပေးစာတွေကို တင်ပေးတဲ့ သတင်းဌာန တစ်ခုဟာပြည်တွင်းက ဆိုရင်တော့ ပေးစာထဲကအတိုင်းမှန်နေသူတွေဟာ ငြိမ်ကုတ်နေကြမှာဖြစ်ပြီး မှားနေတယ်ဆိုရင်တော့ အွန်လိုင်းသတင်းဌာနတည်ထောင်သူ သို့မဟုတ် အယ်ဒီတာကို "အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ"တရားစွဲကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းက သတင်းဌာနတွေအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပေးစာတွေကို လက်မခံခြင်းဖြစ်ကြပါတယ်။
ု
ရုပ်လုံးထွက်ပြပြီး တာဝန်ယူနိုင်ခဲ့တဲ့ မီဒီယာတွေရှိခဲ့တယ်
၁၉၃၉ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့မှာ ထုတ်တဲ့ ဂျာနယ်ကျော် သတင်းဂျာနယ်မှာဆိုရင် ပေးစာတွေကို လက်ခံထားပြီး ဖော်ပြပေးတာတွေ တွေ့ရပါတယ်။ ခေါင်းစဉ်ကိုက "မကြောက်မညှာ မျက်နှာမရွေး မှန်တိုင်းရေးလိမ့်"တဲ့။ သိပ်ကောင်းတဲ့ လုပ်ရပ်ဖြစ်သလို ပေးစာတွေကို လက်ခံပေးခဲ့လို့လည်း ကျေးဇူးတင်စရာဖြစ်ခဲ့တယ်။ ဘာကြောင့်လည်း.... သူတို့မှာ ပေးစာနဲ့ပတ်သက်ပြီး ဖြစ်လာတဲ့ ပြသာနာအပေါ် ဖြေရှင်းပေးနိုင်တဲ့ သတ္တိ နဲ့ အသိစိတ်တွေ ရှိနေလိုပဲဖြစ်တယ်။ မီဒီယာသမားဆိုတာ မိမိလုပ်ရပ်ကြောင့် ဖြစ်လာတဲ့ ပြသာနာအပေါ် တာဝန်ယူနိုင်မှသာ မီဒီယာသမားကောင်း ပီသမယ်လို့ မြင်မိပါတယ်။ ပေးစာကို လက်ခံပြီး ဖြစ်လာတဲ့ပြသာနာတွေအပေါ် မဖြေရှင်းပေးနိုင်တဲ့ သတင်းဌာနတွေဟာ ဘယ်တော့မှ ရုပ်လုံးမထွက်ပြရဲကြပါဘူး။ အမှောင်ထဲမှာပဲ ရှင်သန်နေတတ်ကြပြီး ထိုသူတို့ဟာ အမြဲပဲ မှောင်နေတာကို လင်းနေတယ်လို့ ယူဆနေတတ်ကြပါတယ်။
ကျွန်တော်တို့ မြန်မာတွေဟာ ယူနီဖောင်းမြင်တာနဲ့ ကြောက်တတ်ကြတယ်ဆိုတာကို အထူးပြောနေဖို့လိုမယ်မထင်ပါဘူး။ အဲ့ဒီလို အကြောက်တရားရှိအောင် လုပ်ခဲ့တာလည်း နှစ်နဲ့ချီဆိုတော့ အထူးအဆန်းမဟုတ်တော့ပါဘူးလေ။ သို့သော်လည်း အခုခေတ်ဟာ ပြောင်းလဲနေပါပြီ၊
ပြောင်းလဲနေပြီဆိုတဲ့နေရာမှာ အများကြီးမဟုတ်ရင်တောင် နည်းနည်းလေးပြောင်းလဲနေပြီလို့ ပြောရင် စာဖတ်သူ လက်ခံပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဌာနဆိုင်ရာတွေမှာ ပေးစာတွေကို လက်ခံနေကြပြီလို့ သိရပါတယ်။
ရပ်ကွက်မှ မြို့နယ်၊ မြို့နယ်မှခရိုင်၊ ခရိုင်မှ အစိုးရ၀န်ကြီးများ၊ ၀န်ကြီးများကနေ နောက်ဆုံး သမ္မတကြီးအထိ တိုင်ကြားနိုင်ပြီလို့သိရပါတယ်။ ရက်ကွက်စကားတစ်ခုကို စာဖတ်သူတို့ အမှတ်ရမယ်ထင်ပါတယ် "ဒီနေရာမှာမှ အရေးမယူပေးရင် တိုင်းထိတက်မယ်ဟေ့"ဆိုတဲ့ စကားမျိုးပေါ့။ စာဖတ်သူအနေနဲ့ အွန်လိုင်းမှာ ပေးစာတွေ ပို့နေမဲ့အစား မိမိရဲ့ တိုင်ကြားစာ အမှန်တကယ်ဖြစ်ရပ်မှန်ဆိုရင် မြို့နယ်ဥက္ကဌ/ ခရိုင်ဥက္ကဌ ဆီကိုသွားပြီး တိုင်ကြားနိုင်ကြပါတယ်။ ထိုသူတို့မှ အရေးမယူပေးရင် သူတို့ရဲ့ အထက်ကို သွားရောက်ပေးပို့ တိုင်ကြားနိုင်ပါတယ်။
မိမိအပေါ် အနိုင်စီးနင်းဗိုလ်ကျနေတဲ့လူကို မကျေနပ်လို့ သူ့ကို အထက်က အမှန်တကယ် အပြစ်ပေးတာမျိုးဖြစ်စေချင်တယ်ဆိုရင် ဌာနဆိုင်ရာအကြီးအကဲကို သွားရောက်တိုင်ကြားနိုင်မယ်ဆိုရင် ထိရောက်ပါလိမ့်မယ်။
အွန်လိုင်းပေါ်မှာ ပေးစာတွေကို တခြားမြို့တွေ နိုင်ငံတကာက မြန်မာတွေကြည့်နေကြတာဖြစ်တာကြောင့် ကိုယ့်မြို့ကိုယ့်ရွာပဲ ရုပ်ဆိုးစေပါတယ်။ တစ်နည်းပြောရရင် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်စေပါတယ်။ အဲ့ဒါနဲ့ စကားစပ်မိလို့ ပြောရရင် ပေးစာတစ်ခုကို သွားမြင်မိပါတယ်။ အဲ့ဒီပေးစာတစ်ခုမှာ လိုရင်းကို ဆိုလိုချင်တာကတော့ ဂိမ်းခုံတွေကို ပိတ်ပေးစေချင်တဲ့ လိုရင်းပါပဲ။ သို့သော် ပေးစာမှာ ရေးထားတာကတော့ " မူးယစ်ဆေးဝါးနှင့် မကောင်းမှုများအမြစ်တွယ်ရာ နယ်စပ်မြို့ဆိုလျှင်မမှားနိုင်ပါ။ ထို့ကြောင့် မကောင်းမှုများနှင့်ယဉ်ပါးနေသည့် ထိုမြို့၏ အကျည်းတန်စွာဖြစ်နေသည့် ....... တစ်ခုကို တင်ပြမိပါသည်..." လို့ ရေးထားတာကို တွေ့ရပါတယ်။
စာရေးသူအနေနဲ့ သုံးသပ်မိတာကတော့ ဒီလိုမျိုးအရေးအသားတွေဟာ မိမိမကျေနပ်သူ တစ်ဦးတစ်ယောက်အပေါ် ညွှန်းဆိုပေမဲ့ တကယ်တမ်းတော့ မြို့ဂုဏ်ကို ထိခိုက်စေတယ်လို့မြင်မိပါတယ်။
မည်သို့ဖြစ်စေ အွန်လိုင်းမှာ ပေးစာ တိုင်စာ ပေးပို့ခြင်းဟာ အရာမရောက်ပါဘူး၊ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရှက်ခွဲခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အွန်လိုင်းက ပေးစာတိုင်းဟာ မမှန်တတ်ကြလို့ပါပဲ။
အမှန်တကယ် ထိရောက်စေချင်တယ် ကိုယ့်ဘက်ကလည်း အချက်အလက်တွေနဲ့ တိကျမှန်ကန်နေမယ်ဆိုရင်တော့ ပေးစာများကို အထက်မှာ ပြောထားသလိုပဲ သက်ဆိုင်သည့်ဌာနရဲ့ အကြီးအကဲတွေဆီ ပေးပို့မှသာ ထိုသူကို အရေးယူပေးနိုင်မယ် ခေါ်ယူဆုံးမပေးနိုင်ကြမယ်လို့ ယူဆပါတယ်။
"သင့်ရဲ့ ပေးစာတစ်စောင်ကြောင့် လူတစ်ယောက်ရဲ့ စိတ်ကို မသေသွားပါစေနဲ့မိတ်ဆွေ"
ဒီဆောင်းပါးနဲ့ပတ်သက်ပြီး ဝေဖန်အကြံပေးမှုများကို အောက်ပါ Facebook မှာ ဆက်လက်ဆွေးနွေးနိုင်ပါသည်။
( ဆောင်းပါးရှင် ကိုဇောင်း )
www.tachileik.net