ပျူမျိုးနွယ်စု တောင်သားလူမျိုးများ၏ တတိယအကြိမ် တွေ့ဆုံပွဲ မကွေးတိုင်း ဆောမြို့နယ်တွင် ကျင်းပ
ပျူမျိုးနွယ်စုဝင်များဖြစ်သည့် တောင်သားလူမျိုးများ၏ တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို မကွေး တိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မိအယ်ကျေးရွာ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပသည်။
“ တွေ့ဆုံပွဲတွေကို တစ်နေရာတည်းမှာပဲလုပ်ရင် စိတ်ဝမ်းကွဲကုန်မှာစိုးလို့ ထီးလင်းဘက်မှာ (၂)နှစ်၊ ဆောဘက်မှာ(၂)နှစ် အလှည့်ကျ ကျင်းပသွားမယ်လို့ ဆုံးဖြတ်ထားကြပါတယ်”
ဟု ဆောမြို့နယ် မကွေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပျူမျိုးနွယ်စုဝင် တောင်သားလူမျိုးများတွေ့ဆုံပွဲကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များ၌ ထီးလင်းမြို့နယ် ဝက်သက်ကျေးရွာတွင် ကျင်းပခဲ့ရာတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်က ထောက်ပံ့မတည်ငွေ တစ်နှစ်လျှင် ကျပ် (၁၅)သိန်း ပေးအပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၌ ကျင်းပသည့် တတိယအကြိမ် တွေ့ဆုံပွဲအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျပ် (၂၅)သိန်း မတည်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် တောင်သားလူမျိုးတို့၏ စကား၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်း စဉ်လာများကို ပြန်လည်ဖေါ်ထုတ်ရန်အတွက် တောင်သားရိုးရာအက၊ တောင်သားဓလေ့ မီးကြာလှည့်ပွဲ၊ ဆွမ်းလောင်းပွဲနှင့် သနပ်ခါး ပါးတို့ပွဲများဖြင့် ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
တောင်သားလူမျိုးများ၏ ထူးခြားချက်အဖြစ် အိမ်ထောင်မပြုသေးသည့် အမျိုးသမီးများနှင့် အိမ်ထောင်သည် အမျိုးသမီးများကို ဝတ်ဆင်ထားသည့် အဝတ်အစားများဖြင့် ခွဲခြားနိုင်ခြင်းဖြစ်ပြီး အိမ်ထောင်မရှိသည့် အမျိုးသမီးများက အနီရောင်အဝတ်ပတ်ထားပြီး အိမ်ထောင်သည် အမျိုးသမီးများက အနက်ရောင်အဝတ် ပတ်ထားလေ့ရှိကြောင်း သိရသည်။
တောင်သားလူမျိုးများမှာ လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်း ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ စေတုတ္တရာနှင့် မင်းတပ် မြို့နယ်တို့တွင် လူဦးရေ (၂၅၀၀၀)ကျော်ရှိကြောင်း သိရသည်။
တတိယအကြိမ်မြောက် တောင်သားလူမျိုးတွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဆောမြို့နယ်၊ ထီးလင်း မြို့နယ်နှင့် ဂန့်ဂေါမြို့နယ်များမှ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဦးနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံတောင်သားလူမျိုးများ တက်ရောက်ကြသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-သန်းဝင်းနိုင်