ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းမှ ကျန်ရှိ ကြယ်လိပ်များ ဆက်လက် အခိုးမခံရရေးအတွက် ဆောင်ရွက်နေ
ကြယ်လိပ်များ ခိုးယူခံရမှု ဖြစ်ပွားခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကျန်ရှိသည့် လိပ်များ ဆက်လက်ခိုးယူခံရမှု မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည်များ ကုညီ ပေးနိုင်ရန် မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် မကွေးတိုင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဌ အဖွဲ့က ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။
“ကြယ်လိပ်ဆိုတာက ရှားပါးပြီး အရေအတွက်ကလည်း သိပ်မရှိတော့ဘူးလေ။ မကွေးတိုင်းအနေနဲ့ဆိုရင် ဒီ ရွှေစက်တော်ဘေးမဲ့တောမှာ မွေးမြူထိန်းသိမ်းပြီး မျိုးပွားမှုရှိအောင် လုပ်ဆောင်နေတာပါ။ ဒီလို ရှားပါးနေပြီ ဖြစ်တဲ့ ကြယ်လိပ်တွေ ခိုးယူခံရတဲ့ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားအောင် တာဝန်ရှိတဲ့သူတွေအနေနဲ့ ဘယ်လိုမျိုး ကြပ်မတ်ဆောင်ရွက်မလဲ။ လုံခြုံရေးဆောင်ရွက်ဖို့ ဝန်ထမ်းလိုအပ်ချက်ရှိနေသလား။ အဆောက်အဦး လိုအပ်ချက် ရှိနေသလား။ ဘာတွေလို အပ်ချက်ရှိနေသလဲဆိုတာ သိရှိနိုင်ဖို့ ဒီနေ့ ကွင်းဆင်းကြည့်ရှုတာပါ။ ကျွန်တော်တို့အနေနဲ့က အဲဒီလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ပြီး လွှတ်တော်မှာ လည်း အဆိုပြုပေးသွားမှာပါ”
ဟု မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မင်းဘူးမဲဆန္ဒနယ်အ မှတ်(၁)မှ ဦးကျော်စွမ်းရည်မှ ဇန်နဝါရီ(၁၅)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း မြန်မာ့ကြယ်လိပ်ခြံတွင် မွေးမြူ ထားသည့် ကြယ်လိပ်(၃၂၆)ကောင်အနက်မှ (၁၅၇)ကောင် မှာ ဇန်နဝါရီလ(၁၂)ရက်နေ့က ခိုးယူခံလိုက်ရ ခြင်းဖြစ်ပြီး ခိုးယူခံရသည့် ကြယ်လိပ်အများစုမှာ သက်တမ်းအနှစ်(၂၀)အတွင်းရှိ ဈေးကွက်တွင် တန်းဝင်နိုင်သည့် ကြယ်လိပ်များဖြစ်ပြီး ဥ ဥနိုင်တော့မည့် အရွယ်ရောက် (၂၆)ကောင်၊ ကျောကုန်းပေါ်၌ နံပါတ် များ ရေးထိုးထားသည့် ကြယ်လိပ်များနှင့် မိုက္ကရိုချိစ် ထည့်ထားသော ကြယ် လိပ်တစ်ကောင်လည်း ပါရှိ သွားကြောင်း မကွေးတိုင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဌ၊ မကွေးတိုင်း NLD အလုပ် အမှုဆောင်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူဝင်း ၏ ပြောကြားချက်အရ သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ သစ်တောဦးစီးဌာန၏ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးဝန်း အတွင်း ထားရှိသည့် ရှားပါးကြယ်လိပ်(၁၅၇)ကောင်ကို ခိုးယူသွားသူအား ဖမ်းဆီးရမိရေးအတွက် မင်းဘူး၊စကု မြို့နယ် ရဲတပ်ဖွဲ့မှ အပူတပြင်း စုံစမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
ဆက်စပ်သတင်း
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးရုံးဝန်းထဲက ကြယ်လိပ် (၁၅၇)ကောင် ခိုးယူခံရ