ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဝူဟန်အဆုတ်ရောင်ရောဂါအတွက် အရေးပေါ် အစည်းအဝေးခေါ်ယူထား
တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် အခြားနိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့နေသည့် ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာရမည့် အခြေအနေနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့ အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ကြမည်ဖြစ်သည်။
တရုတ်နိုင်ငံပြင်ပတွင် ကူးစက်ခံရသူအရေအတွက် (၆၈) ဦးသာရှိသည် ဆိုသော်လည်း နိုင်ငံ (၃)နိုင်ငံတွင် လူအချင်းချင်း ကူးစက်မှုများတွေ့ရသည့်အတွက် ရောဂါကူးစက်ပျံ့ပွားနိုင်ခြေများနေ၍ အရေးပေါ်အစည်းအဝေး ခေါ်ရန်ဆုံးဖြတ်ခြင်းဖြစ်သည်ဟု WHO အကြီးအကဲ Dr. Tedros Adhanom Ghebreyesus က ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ပြောသည်။
WHO က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာရန် လွန်ခဲ့သည့် တစ်ပတ်အတွင်းက ငြင်းဆိုခဲ့သော်လည်း ရောဂါထိန်းချုပ်ရန်ကြိုးစားနေသည့် တရုတ်နိုင်ငံတွင်း ကူးစက်ခံရသူနှင့် သေဆုံးသူ အရေအတွက် နေ့စဉ် မြင့်တက်နေသည့်အပြင် ကူးစက်ခံရသည့် နိုင်ငံအရေအတွက်ပါ တိုးလာနေ၍ အရေးပေါ် အစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
WHO က အရေးပေါ်အခြေအနေအဖြစ်ကြေညာလိုက်ပါက ကမ္ဘာ့ကျန်းမာရေးကပ်ဘေးကြီးအဖြစ် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
Ref; WHO
Photo: WHO/C.Black