တောင်တွင်းကြီးဆေးရုံမှ မကွေးတိုင်းဆေးရုံကြီးသို့ လွှဲပြောင်းပေးလာသည့် အမျိုးသမီးတစ်ဦးအား စောင့်ကြည့်လူနာအဖြစ် အထူးကြပ်မတ်ဆောင်တွင် ကုသပေးနေ
တရုတ်နိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦး ကိုယ်ပူရှိန်မြှင့်တက်ပြီး ချောင်းဆိုးနေ၍ တောင်တွင်းကြီးဆေးရုံမှ တဆင့် မကွေးတိုင်းဆေးရုံကြီးသို့ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် လွှဲပြောင်းပို့ဆောင်ထားရသဖြင့် မကွေးတိုင်းဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြည့်လူနာအဖြစ် ထားရှိကာ ကုသမှုပေးလျှက်ရှိကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“လူနာရောက်ရှိလာတာ မှန်ပါတယ်။ အဖျားက တစ်ရာကျော်ရှိနေပေမယ့် သံသယရှိလူနာလို့ ပြောဖို့က ခက်နေပါသေးတယ်။ လတ်တလော အထူးကြပ်မတ်ကုသဆောင်မှာ စောင့်ကြည့်လူနာအဖြစ် ထားရှိပြီး ကုသမှု ပေးနေပါတယ်”
ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အသက်(၄၅)နှစ်အရွယ်ရှိသူ အမျိုးသမီးမှာ တရုတ်နိုင်ငံ၌ ဖြစ်ပွားလျှက်ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ်အဆုတ် ရောင်ရောဂါကူးစက်ခံရမည်ကို ကြောက်ရွံ့၍ လောက်ကိုင်မှ ဖေဖော်ဝါရီ(၄)ရက်နေ့က ထွက်ခွာခဲ့ရာ လွန်ခဲ့သည့် ဖေဖော်ဝါရီလ(၆)ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ချင်းရွှေဟော်၊ ကွမ်းလုံနှင့် မန္တလေးတို့တွင် စစ်ဆေးမှုခံယူခဲ့သည်ဟု လူနာအမျိုးသမီး၏ ခင်ပွန်းထံမှ သိရသည်။
ပြန်လာစဉ်က ဖျားနာခြင်းမရှိဘဲ ပြန်ရောက်၍ အဝတ်လျှော်၊ ရေချိုး၊ ခေါင်းလျှော်ပြုလုပ်ပြီးမှ (၇)ရက်နေ့၌ စတင်ဖျားသဖြင့် ယနေ့ ၈ရက်နေ့တွင် တောင်တွင်းကြီးဆေးရုံကိုသွားရောက်ပြသရာ တရုတ်မှပြန်လာသူ ဖြစ်၍တစ်ကြောင်း၊ ကိုယ်ပူချိန်များနေ၍တစ်ကြောင်းကြောင့် မကွေးတိုင်းဆေးရုံသို့ လွှဲပြောင်းပို့ဆောင် ၍ မွန်းလွဲ(၃)နာရီအချိန်ခန့်တွင် မကွေးတိုင်းဆေးရုံကြီးသို့ လူနာတင်ယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေမှာ ဖေဖော်ဝါရီလ(၈)ရက်နေ့ ညနေ(5)နာရီအထိ နိုင်ငံပေါင်း (၂၅)နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီး (၃၄,၉၄၅)ဦးမှာ ကူးစက်ခံနေရသူဖြစ်ပြီး သေဆုံးသူမှာလည်း (၇၂၅)ဦးအထိ ရှိလာနေသည် ဖြစ်သည်။
Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ဇွဲသူရိန်