တရုတ်နိုင်ငံမှ ပြန်လာသည့်အမျိုးသမီးတစ်ဦးကို မကွေးတိုင်းဆေးရုံ အထူးကြပ်မတ်ဆောင်၌ စောင့်ကြည့်လူနာအဖြစ် ကုသပေးနေ
တရုတ်နိုင်ငံမှ ပြန်လာသူအမျိုးသမီးတစ်ဦး ကိုယ်ပူရှိန်မြင့်တက်ပြီး ချောင်းဆိုးနေ၍ တောင်တွင်းကြီးဆေးရုံမှ မကွေးတိုင်းဆေးရုံကြီးသို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် လွှဲပြောင်းပို့ဆောင်လာသဖြင့် မကွေးတိုင်းဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျှက်ရှိကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာ ရးဦးစီးဌာနမှ သိရသည်။
“လူနာရောက်ရှိလာတာ မှန်ပါတယ်။ အဖျားက တစ်ရာကျော်ရှိနေပေမဲ့ သံသယရှိလူနာလို့ ပြောဖို့က ခက်နေပါသေးတယ်။ လတ်တလော အထူးကြပ်မတ်ကုသဆောင်မှာ စောင့်ကြည့်လူနာအဖြစ် ထားရှိပြီး ကုသမှု ပေးနေပါတယ်”
ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အသက်(၄၅နှစ်)အရွယ်ရှိသူ အမျိုးသမီးမှာ တရုတ်နိုင်ငံ၌ ဖြစ်ပွားလျှက်ရှိနေသည့် ဝူဟန်အဆုတ် ရောင်ရောဂါကူးစက်ခံရမည်ကို ကြောက်ရွံ့၍ လောက်ကိုင်မှ ဖေဖော်ဝါရီ(၄)ရက်နေ့ကထွက်ခွာခဲ့ရာ လွန်ခဲ့ သည့် ဖေဖော်ဝါရီလ(၆) ရက်နေ့က တောင်တွင်းကြီးမြို့နယ်၊ တည်တော(၁)ကျေးရွာအုပ်စု ၊ ပရပ်ကြယ်ကျေးရွာ ပြန်လည် ရောက်ရှိလာခြင်းဖြစ်ပြီး ချင်းရွှေဟော်၊ ကွမ်း လုံနှင့် မန္တလေးတို့တွင် စစ်ဆေးမှုခံယူခဲ့သည်ဟု လူနာအမျိုးသမီး၏ ခင်ပွန်းထံမှ သိရသည်။
ပြန်လာစဉ်က ဖျားနာခြင်းမရှိဘဲ ပြန်ရောက်၍ အဝတ်လျှော်၊ ရေချိုး၊ ခေါင်းလျှော်ပြုလုပ်ပြီး (၇) ရက်နေ့၌ စတင်ဖျားသဖြင့် ယနေ့ (၈) ရက်နေ့တွင် တောင်တွင်းကြီးဆေးရုံကိုသွားရောက်ပြသရာ တရုတ်မှပြန်လာသူ ဖြစ်ပြီး ကိုယ်ပူချိန်များနေ၍ မကွေးတိုင်းဆေးရုံသို့ အထူးကြတ်မတ်ဆောင်သို့ မွန်းလွဲ(၃)နာရီအချိန်ခန့်တွင် မကွေးတိုင်းဆေးရုံကြီးသို့ လူနာတင်ယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ဇွဲသူရိန်