မြန်မာနိုင်ငံအတွင်း ရည်ညွှန်းဓါတ်ခွဲခန်းမှ အဖြေပြန်ပို့လာသည့် လူနာ(၆)ဦးတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့

မြန်မာနိုင်ငံအတွင်း ရည်ညွှန်းဓါတ်ခွဲခန်းမှ အဖြေပြန်ပို့လာသည့် လူနာ(၆)ဦးတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့
ဖေဖော်ဝါရီ 11, 2020
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း ရည်ညွှန်းဓါတ်ခွဲခန်းမှ အဖြေပြန်ပို့လာသည့် လူနာ(၆)ဦးတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့

မြန်မာနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် WHO ရည်ညွှန်းဓါတ်ခွဲခန်းသို့ ပို့စစ်ထားသူများအနက် လူနာ (၆) ဦး၏ ဓါတ်ခွဲအဖြေကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့၌ ပြန်လည်ပေးပို့လာရာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ မပါဝင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံမှ အသက်(၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၂) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှ အသက်(၂၈) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရှမ်းပြည်နယ် နမ္မတူမြို့နယ်ဆေးရုံမှ အသက်(၄၅) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာပြည်သူ့ဆေးရုံမှ အသက် (၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၅၁) နှစ်အရွယ် အမျိုးသားတစ်ဦးတို့မှာ 2019 novel coronavirus (2019-ncov) ဗိုင်းရပ်(စ်)ရောဂါပိုး မရှိကြောင်း ရည်ညွှန်းဓါတ်ခွဲခန်းက ဓါတ်ခွဲအဖြေ ပြန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းအထိ သံသယလူနာ (၁) ဦးအပါအဝင် လူနာ (၂၀) ဦးတို့အား ဆေးရုံများတွင် ဆက်လက်၍စောင့်ကြပ်ကြည့်ရှုကုသနေပြီး ဓါတ်ခွဲခန်းအဖြေများ စောင့်ဆိုင်းနေကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ နှာစေးချောင်းဆိုးတိုင်း နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားရန်၊ နှာစေးချောင်းဆိုးသူများနှင့် ခပ်ဝေးဝေးနေရန်၊ ကိုယ်ခံအားကောင်းပါက ရောဂါပိုးကို ခုခံနိုင်၍ အဟာရပြည့်ဝအစာအုပ်စုများ စားသုံးရန်၊ လက်မဆေးဘဲ မျက်စိ၊ နှာခေါင်းနှင့်ပါးစပ်များကို မကိုင်တွယ်ရန်၊ လူများများရှိသည့်နေရာများကို တတ်နိုင်သမျှ မသွားရန်နှင့် ဖျားနာနေတဲ့ အိမ်မွေးတိရစ္ဆာန်၊ လမ်းဘေးတိရစ္ဆာန်များကို မကိုင်တွယ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကြံပြုတိုက်တွန်းထားသည်။

ကိုယ်ပူဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုရခက်ခြင်းများဖြစ်ပါက ဆေးခန်းပြသရန်ကိုလည်း တိုက်တွန်းထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေရာတွင် သံသယလူနာ တွေ့ရှိမှု၊ စောင့်ကြည့်လူနာတွေ့ရှိမှုနှင့် ဓါတ်ခွဲခန်းအဖြေများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဝန်ကြီးဌာနတို့က အများပြည်သူသို့ ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ  ကူးစက်ပျံ့နှံ့နေခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - အင်မိုင်ခ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~