ပါတီခေါင်းဆောင်နေရာ ဆက်ခံသူမရှိ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်း

ပါတီခေါင်းဆောင်နေရာ ဆက်ခံသူမရှိ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်း
ဖေဖော်ဝါရီ 22, 2020
By Tachileik News Agency
ပါတီခေါင်းဆောင်နေရာ ဆက်ခံသူမရှိ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အခြေစိုက်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ( Eastern Shan State Development Democratic Party - ESSDDP )တွင် ပါတီဦးဆောင်သူနေရာ ဆက်ခံသူမရှိသဖြင့် ပါတီဖျက်သိမ်းခွင့်တင်လိုက်ရာ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့မှစ၍ ပါတီဖျက်သိမ်းခွင့် ရသွားပြီဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ပါတီဖွဲ့တာက ရည်ရွယ်ချက်ရှိလို့ ဖွဲ့စည်းတာပါ။ ရှမ်းပါတီတွေ စုစည်းဖို့၊ ရှမ်းပါတီတွေ ပူးပေါင်းဖို့ ကျွန်တော်တို့ပါတီက လမ်းခင်းတဲ့တံတားလို သဘောထားတယ်လေနော်။ နောက် ကျွန်တော်တို့ ရှမ်းအရှေ့ဖွံ့ဖြိုးရေးအတွက် အဲဒါလည်းပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ရှမ်းအရှေ့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဘာတွေ ပြန်လည်ဖေါ်ထုတ်ဖို့အတွက် ပါတီထောင်ထားခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဥက္ကဌက အသက် (၉၀)ကျော်ပြီဆိုတော့ သူ့နေရာကို ဆက်ခံလုပ်မယ့်သူလည်း မရှိဘူးဖြစ်နေတယ်။ ဒါကြောင့် မြို့မိမြို့ဖတွေနဲ့ တိုင်ပင်ပြီးတော့ ပါတီကို ဖျက်သိမ်းလိုက်တာပါပဲ

ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဌ ဦးစိုင်းဆမ်တစ်ဆေက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့တွင် ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ မိမိတို့ပြည်နယ်တွင်း အနိုင်ရရေးပြင်ဆင်နေကြချိန်တွင် ရှမ်းပါတီများအနေဖြင့် လက်ရှိအနေအထားထက်ပို၍ ပြောင်းလဲလာမည်ဟု မယူဆကြောင်း ပါတီဒုတိယဥက္ကဌက သုံးသပ်ထားပြီး ရှမ်းပါတီများပူးပေါင်းရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီအနေဖြင့်လည်း ပါတီသစ်ပြန်လည်ဖွဲ့စည်း လုပ်ဆောင်ရန် အစီအစဉ် မရှိတော့ကြောင်း သိရသည်။

လာမယ့်ရွေးကောက်ပွဲကတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာကို ပြောင်းလဲမယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေကတော့ အင်အားကြီး ပါတီတွေ လောင်းရိပ်အောက်မှာပဲ ဆက်မိနေအုံးမှာပဲ။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေအတွက် ပြောချင်တာကတော့ ရှမ်းက အခု နှစ်ပါတီ ကျန်တယ်လေ။ ပြိုင်တာတော့ ပြိုင်မှာပဲ။ ပြိုင်လည်း မဲကပြတ်မယ်ဆိုတော့ ဒုံရင်းက ဒုံရင်းပဲဖြစ်မယ်လို့ ကျွန်တော် ယူဆတယ်။ ကျန်တဲ့ ကချင်တို့ ချင်းတို့ ရခိုင်တို့က သူတို့ပေါင်းစည်းကုန်တော့ သူတို့ပြည်နယ်နဲ့ သူတို့တော့ နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ရှမ်းပြည်ကတော့ ရှမ်းပါတီတွေက နိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မယုံကြည်ဘူး။ ပါတီက (၂)ပါတီဖြစ်နေတယ်လေ။ ပါတီတွေက ပေါင်းဖို့ လိုချင်မှလည်း လိုလိမ့်မယ်။ ပါတီက များလေ ကောင်းလေပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ရှမ်းပါတီတွေက အချင်းချင်းပြိုင်တာကတော့ ကျွန်တော်တို့ ရှမ်းပါတီပဲ နစ်နာမယ်လေ။ အဲဒါပဲ ပြောချင်ပါတယ်

ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဌ ဦးစိုင်းဆမ်တစ်ဆေက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၉၁)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခွင့်ပြုရန် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့သဖြင့် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခွင့်ကို ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် စုံညီအစည်းအဝေး (၅/၂၀၂၀)တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ၂၀၁၀ ခုနှစ်မှ စ၍ ၂၀၂၀ ခုနှစ် အထိ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း (၁၂၅)ခုရှိသည့်အနက်  (၂၇)ပါတီမှာ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းသွားကြပြီဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~