တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းများအတွက် မြန်မာ့တပ်မတော်က ဒေါ်လာ(၃)သိန်းကျော် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးပို့ လှူဒါန်း
တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် မြန်မာ့တပ်မတော်က အမေရိကန်ဒေါ်လာ (၃) သိန်းကျော်တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့က ပေးပို့လှူဒါန်းကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်၍ တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ရာ နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံ၊ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် (၁၁) နာရီတွင် ရောက်ရှိကြပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် Joint Logistic Support Force၊ Guiln Center ၏ နိုင်ငံရေးမှူးဖြစ်သူ Major General Zhang Pingjun နှင့် တာဝန်ရှိသူများက ကြိုဆို လက်ခံကြကြောင်း သိရသည်။
မြန်မာ့တပ်မတော်က တရုတ်နိုင်ငံသို့ Surgical Masks (2 Ply) (၉၀၀၀၀) ခု ၊ Type-N 95(SM Particulate Respirator Masks) (၉၀၀၀၀) ခု၊ SaFety Goggles (၉၀၀၀၀) ခု တို့ကို သွားရောက်ပေးပို့မည့်အဖွဲ့ကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် လိုက်လံ ပို့ဆောင်နှုတ်ဆက်ကြသည်ဟု သိရသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ပါ ကူးစက်ခံနေရပြီး အိမ်နီးချင်း မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့အထိ ရောဂါကူးစက်ခံရသူမရှိသေးကြောင်း သိရသည်။