လူစုလူဝေးအား ရှောင်ခြင်းအပါအဝင် COVID-19 ရောဂါကာကွယ်ရေးသတိပေးချက်များကို တိကျစွာ လိုက်နာရန် သတိပေးထား
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ ည (၈) နာရီအချိန်ထိ COVID-19 အတည်ပြုလူနာ မတွေ့ရသေးသော်လည်း နိုင်ငံပေါင်း (၃၈) နိုင်ငံတွင် ဖြစ်ပွားနေဆဲဖြစ်၍ လူစုလူဝေးအား ရှောင်ရှားခြင်း အပါအဝင် ရောဂါကာကွယ်ရေး အသိပညာပေးများကို တိကျစွာ လိုက်နာကြရန် တိုက်တွန်းထားသည်။
ရောဂါလက္ခဏာမပြသည့် ရောဂါကူးစက်ခံထားရသူများ ရှိနေနိုင်သဖြင့် လူစုလူဝေးများပြားရာနေရာများနှင့် ပွဲလမ်းသဘင်များရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ ကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ကျင်းပကြရန်နှင့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မဖြစ်မနေ ကျင်းပရပါက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနှိုးဆော်ချက်များကို တိကျစွာ၊ စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် သတိပေးထားခြင်းဖြစ်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် စောင့်ကြည့်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေပြီး ရောဂါပိုးသံသယ ဓါတ်ခွဲစစ်ဆေးခြင်းကိုလည်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင် စစ်ဆေးနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ ညနေ (၆)နာရီ (၁၅)မိနစ်အချိန်ထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ (၄၀)ဦးနှင့် သံသယလူနာ (၂)ဦးရှိခဲ့ပြီး ၎င်းတို့တွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ဓါတ်ခွဲခန်းအဖြေရထားကြခြင်းဖြစ်သည်။
သံသယလူနာနှင့် စောင့်ကြည့်လူနာများကို ရန်ကုန်တိုင်းဒေသကြီးတွင် (၁၂)ဦး၊ ရှမ်းပြည်နယ်တွင် (၁၁)ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် (၈)ဦးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ (၁၁)ဦး တွေ့ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
COVID 19 သည် ဖေဖေါ်ဝါရီလ (၂၈ )ရက်နေ့ နံနက်ပိုင်းအထိ ကမ္ဘာ့နိုင်ငံပေါင်း (၃၈)နိုင်ငံတွင် ကူးစက်ပျံ့နှံ့နေပြီး အတည်ပြုလူနာစုစုပေါင်း (၈၃,၃၈၆) နှင့် သေဆုံးသူ (၂၈၅၈)ဦးရှိနေပြီဖြစ်သည်။
ကူးစက်ခံရမှုအများဆုံးမှာ တရုတ်ပြည်မကြီးတွင်ဖြစ်ပြီး အတည်ပြုလူနာ (၂၀၂၂)ဦးဖြင့် တောင်ကိုရီးယားက ဒုတိယအများဆုံး ဖြစ်ပွားနေသည်ကို တွေ့ရသည်။
မြန်မာနှင့် အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံတွင် အတည်ပြုလူနာ (၄၀)ဦး တွေ့ရှိထားခြင်းဖြစ်သည်။