ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ပညာရေးကောလိပ်မှာ ၂၀၂၀ ခုနှစ်မှာ ဖွင့်လှစ်မယ့် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်သင် ပညာသင်တန်းတက်ရောက်ဖို့ ဝင်ခွင့်လျှောက်ထားသူတွေထဲက ဒေသခံတွေကို ဦးစားပေးရွေးချယ်ပေးဖို့အတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တင်ပြတောင်းဆိုလိုက်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ပညာရေးကောလိပ်နဲ့ ပညာရေးတက္ကသိုလ်တွေမှာ ဒေသခံတွေကို ဦးစားပေးရွေးချယ်နေတာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိုင်းတုံမြို့ လူထုတွေ့ဆုံပွဲမှာ ဒေသခံကျောင်းသူတစ်ဦးက တင်ပြတောင်းဆိုခဲ့တာဖြစ်ကြောင်း ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ပြောပါတယ်။
မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့ရှိ ပညာရေးဝန်ထမ်းများအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦး ဦးအောင်ခင် မိသားစုက ကျပ်သန်း (၃၄၀)ကျော်ဖြင့် ဆောက်လုပ်လှူဒါန်းထားတဲ့ ဝန်ထမ်းအိမ်ယာသစ်များကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့က ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပခဲ့ရာမှာ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး နဲ့ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတဲ့အခါမှာ ပညာရေးကောလိပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးနဲ့ပြည်နယ်ဝန်ကြီးက အခုလို ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်၊။
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်