ကိုရိုနာဗိုင်းရပ်စ် ( COVID-19 ) ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၌ ရက်ပေါင်း (၈၀)ကြာ ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်အား တိုင်းဒေသကြီးအစိုးရက ၂၀၂၀ ခုနှစ်၊ မတ်လ(၁၃) ရက်နေ့မှစတင်၍ ပိတ်သိမ်းရန် ညွှန်ကြားထားပြီဖြစ်ကြောင်း သိရသည်။
နောက်ဆုံးသိရတဲ့ အချက်အလက်အရ ကမ္ဘာမှာ ဒီရောဂါက နိုင်ငံပေါင်း (၁၁၇) နိုင်ငံမှာ ပျံ့နှံ့သွားပြီ။ သေတဲ့ သူကလည်း (၄,၀၀၀) ကျော်သွားပြီလို့ သိရတာကြောင့်လည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ နေ့ခင်းပိုင်းမှာကျင်းပတဲ့ အစည်းအဝေးမှာ မန်းရွှေစက်တော် ဘုရားပွဲတော်ကို မတ်လ(၁၆)ရက်နေ့ တနင်္လာနေ့မှာ ပိတ်သိမ်းဖို့ဆုံးဖြတ်လိုက်တယ်။ သို့သော်လည်း နောက်ဆုံးသိရတဲ့သတင်းအရ ပြည်ထောင်စုက ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာ မည်သည့်ပွဲလမ်းသဘင်ကိုမှ ကျင်းပခွင့် မပြုဘူးလို့ ညွှန်ကြားလာတာကြောင့် မတ်လ(၁၆)ရက်နေ့အထိ မစောင့်တော့ဘဲ မနက်ဖြန် မတ်လ(၁၃) ရက်မှာပဲ လိုအပ်သလို စီမံဆောင်ရွက်ပြီး ပိတ်သိမ်းဖို့ ဆောင်ရွက်သွားမှာပါ
ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က မတ်လ (၁၂)ရက်နေ့တွင် ပြောကြားသည်။
ရွှေစက်တော်ဘုရားပွဲတော်အား ဇန်နဝါရီလ (၂၉)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အခြေအနေကြောင့် ရက်ရှည်ပွဲတော်အား ပိတ်သိမ်းသင့်ကြောင်း ဂေါပကအဖွဲ့သို့ ဝေဖန်အကြံပြုမှုများလည်း ရှိခဲ့သော်လည်း ဘုရားပွဲတော်ကို အမှီပြုနေသူများ မထိခိုက်စေရန်ဟုဆိုကာ ဆက်လက်ကျင်းပနေခြင်းဖြစ်ရာ ပွဲတော်ပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်သို့ ကူးစက်ပျံ့နှံ့နေသည့် COVID 19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမာ္ဘ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့၌ ကြေညာလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်