စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးဒေသတစ်ဝိုက်တွင် ရှာဖွေတွေ့ရှိရသည့် ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်စစ်သည် ရုပ်ကြွင်းများကို အမေရိကန်ပြည်ထောင်စုသို့ ဒုတိယအကြိမ်အဖြစ် သယ်ဆောင်သွားပြီဖြစ်ကြောင်း အမေရိကန်သံရုံးက ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
“ဤရှာဖွေရေးအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အကူအညီပေးခဲ့ကြသည့် မြန်မာနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံသားများအား အမေရိကန်ပြည်ထောင်စုမှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါသည်”ဟု အမေရိကန်သံရုံးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အေဂျင်စီတစ်ခုဖြစ်သည့် စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေးအေဂျင်စီ (DPAA) ၏ အစီအစဉ်ဖြင့် သယ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အမေရိကန် စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေးအေဂျင်စီသည် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံး၊ ပျောက်ဆုံးကျန်ရစ်ခဲ့သည့် အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများကို နိုင်ငံအသီးသီးမှ သက်ဆိုင်ရာ အစိုးရများနှင့် ပူးပေါင်း ရှာဖွေကာ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်သယ်ဆောင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း စစ်အတွင်းက ကျန်ခဲ့သည့် စစ်သားများ၏ ရုပ်ကြွင်းများကို ရှာဖွေမှုများကို ဂျပန်နိုင်ငံကလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
Photo: U.S. Embassy Rangoon