ကျောက်မဲမြို့မှ ကိုရိုနာ(COVID-19) အတည်ပြုလူနာသည် တာချီလိတ်မြို့တွင် (၂) ရက်တာနေထိုင်ခဲ့စဉ်အတွင်း ထိတွေ့နိုင်ခြေ ရှိသူများကို ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ညက စိစစ်စာရင်းယူနေရာ စာရင်းရရှိထားသည့် (၁၈)ဦးကို နေအိမ်တွင် သီးခြားစောင့်ကြည့်မှုအောက်တွင် ထားရှိပြီး ချောင်းဆိုးနေသူတစ်ဦးကို ဆေးရုံတွင် သီးခြားစောင့်ကြည့်လူနာအဖြစ် ခေါ်ဆောင်ထားသည်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၂၀၂၀ခုနှစ် မတ်လ (၃၀) ရက်နေ့ညတွင် COVID 19 အတည်ပြုလူနာအဖြစ် ထုတ်ပြန်လိုက်သည့် ကျောက်မဲပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာမှာ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)မှ တာချီလိတ်မြို့သို့ မတ်လ(၂၅)ရက်နေ့က ဝင်လာပြီး (၂)ရက်တာ တည်းခိုနေထိုင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာ အပါအဝင် နေရပ်ပြန် (၁၀)ဦးအဖွဲ့ မတ်လ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ တည်းခိုနေထိုင်ခဲ့သည့် ဟိုတယ်မှ ဝန်ထမ်းများနှင့် တည်းခိုနေထိုင်ခဲ့သူများ၊ အတည်ပြုလူနာပါဝင်သည့်အဖွဲ့ သွားလာ၊ စားသောက်ခဲ့သည့် နေရာများမှ ထိတွေ့ခဲ့သူများ၊ ဆံပင်ညှပ်ဆိုင်တွင် ထိတွေ့ခဲ့သူများအား တာချီလိတ် ခရိုင်/မြို့နယ်အဆင့် (COVID 19) ကြိုတင်ကာကွယ်ရေးနှင့် သတင်းထုတ်ပြန်ရေးကော်မတီသည် လိုက်လံစိစစ် စာရင်းယူနေခြင်းဖြစ်သည်။
အတည်ပြုလူနာ နယ်စပ်တံတားမှ ဖြတ်သန်းဝင်လာပြီး တာချီလိတ်လေဆိပ်မှ ထွက်ခွာသည်အထိ ထိတွေ့မှုရှိခဲ့သူများစာရင်းကို ထပ်မံစိစစ်ပြီး နေအိမ်အတွင်း (၁၄)ရက်စောင့်ကြည့်မှုအောက်တွင် ထားရှိရန် ဆက်လက် ဆောင်ရွက်နေကြသည်။
Tachileik News Agency
ဆက်စပ်သတင်း