တရုတ် - မြန်မာနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့မှစ၍ တရုတ်နိုင်ငံဘက်မှ ပြန်ဝင်လာသူများအား အစိုးရ စီစဉ်ပေးထားသည့် သီးသန့်စောင့်ကြည့်နေရာများ၌ (၁၄)ရက် နေထိုင်ပြီးမှ နေရပ်ပြန်ခွင့်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
တရုတ်ဘက်က သူတို့ဘက်ကို အဝင်ပိတ်လိုက်လို့ တရုတ်ဘက်က ပြန်လာမယ့် မြန်မာနိုင်ငံသားတွေကို လက်ခံနေပါတယ်။ မြန်မာလုပ်သားတွေကို လက်ခံတာကတော့ အရင်ကတည်းက လက်ခံနေပါတယ်။ အခုက ဟိုဘက်က ကြေညာလိုက်တော့ ကိုယ့်မြန်မာနိုင်ငံသားတွေ စိုးရိမ်နေကြမှာစိုးလို့ ဒီဘက်က ထုတ်ပြန်ပေးနေတာပါ။ Quarantine လုပ်တာကတော့ အရင်ကလည်းလုပ်ပေမဲ့ Facilities Quarantine ကတော့ ဒီနေ့စလုပ်တာပါ။ Quarantine လုပ်တာကတော့ မူဆယ်ကဆို သက်ဆိုင်ရာ ရပ်ကျေးတွေနဲ့ (၁၄)ရက် စောင့်ကြည့်တာလုပ်တယ်။ တခြားဒေသသွားမယ့်သူတွေကိုတော့ Facilities Quarantine လုပ်ဖို့ကတော့ နေရာ (၁၀)နေရာ လုပ်ဆောင်ထားပါတယ်
ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မူဆယ်မြို့ရှိ မြန်မာ - တရုတ်နယ်စပ်ဂိတ်များမှ ဝင်ရောက်ခြင်းကို တရုတ်နိုင်ငံက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ ပိတ်လိုက်သဖြင့် မြန်မာဘက်သို့ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို နန်းတော်ဂိတ်မှ ဝင်ခွင့်ပြုပြီး (၁၄)ရက် သီးခြားစောင့်ကြည့်ခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်များမှ လူအဝင်အထွက်လုပ်ခြင်းကို ပိတ်လိုက်သော်လည်း ကုန်သွယ်ရေးအသုံးပြုနေသည့်ဂိတ်များကို ပိတ်ထားခြင်းမရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း ချယ်ရီထိုက်
ဓါတ်ပုံ - မူဆယ် ထွေ/အုပ်