ထိုင်းနိုင်ငံဘက်က တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများတွင် COVID-19 ပိုးမတွေ့၍ မေလ(၁၄)ရက်နေ့တွင် နေရပ် ပြန်ပို့မည်
နယ်စပ်မြို့ တာချီလိတ်တွင် ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့၍ ပြန်လွှဲလာသည့် မြန်မာနိုင်ငံသား (၃၇)ဦးထဲက စောင့်ကြည့်လူနာ (၁)ဦးမှာ COVID 19 ပိုးမတွေ့ရကြောင်း မေလ(၉)ရက်နေ့ညက ဓါတ်ခွဲအဖြေရထားပြီးဖြစ်၍ ၂၀၂၀ ခုနှစ်၊ မေလ (၁၄)ရက်နေ့၌ နေရပ်ဒေသအသီးသီးသို့ ပြန်၍ Quarantine ဆက်လက်နေထိုင်ကြမည်ဖြစ်သည်။
စောင့်ကြည့်လူနာက Negative ဖြစ်ပြီဆိုတော့ နောက်ထပ် (၄၈)နာရီစောင့်ကြည့်ပြီး Home Quarantine (နေအိမ်တွင် အသွားအလာကန့်သတ်နေထိုင်ခြင်း) ထားရမှာပေါ့။ သူနဲ့အတူပါတဲ့ ကျန်တဲ့သူတွေကိုလည်း Home Quarantine ဆက်နေခိုင်းလိုက်ရင် ဒီကဒေသခံတွေလည်း ဝန်ထုပ်ဝန်ပိုး လျော့တာပေါ့။ ဒီတော့ Home Quarantine ပဲ ဆက်နေခိုင်းမယ်လို့ ကျွန်တော်တို့ တိုင်ပင်ထားကြတယ်။ သူတို့အားလုံး ကိုယ့်နေရာကိုယ် ပြန်ရောက်ကြရင်လည်း (၂၁)ရက်ပြည့်အောင်တော့ Quarantine နေရမယ်
ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၉)ရက်နေ့က ပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၃၇)ဦးကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)၌ မေလ (၆)ရက်နေ့က လာရောက်လွှဲပြောင်းပေးရာတွင် ကိုယ်အပူချိန်မြင့်နေသူတစ်ဦး ပါဝင်သဖြင့် စောင့်ကြည့်လူနာသတ်မှတ်ကာ ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကျန် (၃၆)ဦးကို မိုးကုတ်ဝိပဿနာရိပ်သာ၌ Facilities Quarantine ထားရှိထားခြင်းဖြစ်သည်။
Facilities Quarantine ဝင်နေသူများအတွက် စားသောက်စရိတ်ကို COVID 19 ကော်မတီနှင့် ဒေသခံလူထုက ကူညီပံ့ပိုးပေးနေကြခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - စိုင်းအောင်ဝင်းမိုး