မြဝတီမြို့ရှိ လောင်းကစားရုံအား တပ်မတော် လုံခြုံရေးအဖွဲ့က ဝင်ဖမ်း
မြန်မာ - ထိုင်းနယ်စပ်ဒေသ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်အတွင်း တပ်မတော်ပါဝင်သည့် ပူးပေါင်းအဖွဲ့က လောင်းကစားရုံအား ဝင်ရောက်ဖမ်းဆီးရာက လူ(၁၈)ဦးနှင့် လောင်းကစား ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း တပ်မတော်က ဇူလိုင်လ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်မှ တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့တွင် မြဝတီမြို့ အမှတ်(၃)ရပ်ကွက်အတွင်း ပတ္တမြားမယ်ဓာတ်ဆီဆိုင်အနီးရှိ လောင်းကစားရုံအား ဝင်ရောက် စစ်ဆေးရှာဖွေရာက လောင်းကစားပြုလုပ်နေသူ မြန်မာနိုင်ငံသား (၁၄)ဦးနှင့် တရုတ်နိုင်ငံသား (၄)ဦးတို့ကို လောင်းကစား ဂိမ်းခုံများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။