ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မယ်ကြုတ်(၁)ကျေးရွာအနီး မြေကြီးထဲမြုပ်ထားသည့် စိတ်ကြွရူးသွပ် ဆေးမှုန့်များနှင့် သေနတ် (၆)လက်အား ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့၌ တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဖမ်းမိကြောင်း သိရသည်။
တပ်မတော်နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂၂ ရက်၊ နံနက် (၉) နာရီခွဲခန့်က မိုင်းဆတ် မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၁)ကျေးရွာအနီး အမှိုက်ကျင်းတူးရာမှမြေကြီးအနက်(၃)ပေခန့် အရောက်တွင် အပြာရောင်ပလပ်စတစ်ပေပါ(၂)လုံးအားတွေ့ရှိပြီး ပလတ်စတစ်ပေပါများအတွင်း ဆာလာ အိတ်(၇)အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးမှုန့် အလေးချိန် (၃၂၇) ကီလိုနှင့် (၄၀၀) မီလီမီတာခန့်စီပါ မျောက်တံဆိပ်အနံ့ ဆေးရည် ( ၂၁) လုံး၊ M-22 ဒင်ခေါက်သေနတ် (၄) လက်၊ M-16 သေနတ်(၁) လက်၊ AK-47 သေနတ်(၁) လက်တို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများနှင့်လက်နက်များအား ဇူလိုင်လ ၂၂ ရက်နေ့ ည ၇ နာရီခွဲ က မူးယစ်တပ်ဖွဲ့စု(၂၉)သို့ လွှဲပြောင်းပေးအပ်ခဲ့သဖြင့် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၄၃/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၊၁၆(ခ)/၁၉(က)/၂၂(ခ)ဖြင့် အမှု ဖွင့်ခဲ့ပြီး တရားခံဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Tachileik News Agency
သန်းဇော်(မိုင်းဆတ်)