မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် (၃)နှစ်ဆက်တိုက် သီးနှံပျက်စီးမှုနှင့်ကြုံတွေ့နေရ၍ ဆက်လက် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် အခက်အခဲများနှင့်ရင်ဆိုင်နေရသည့်အတွက် အစိုးရ၏ ပံ့ပိုးမှုများ လိုအပ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ကျေးရွာရဲ့ အခက်အခဲဟာ တစ်နှစ်တစ်ဝါသာ ရာသီဥတုဖောက်ပြန်လို့ ကြုံတွေ့ရတာမျိုး မဟုတ်ဘဲ (၃)နှစ်ဆက်တိုက် ကြုံတွေ့နေရတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ၁၀ရက်လောက် မိုးဆက် တိုက်ရွာခဲ့လို့ စိုက်ခင်းတွေရေမြုပ်ပြီး အမြစ်တွေပုပ်ကုန်လို့ သီးနှံတွေပျက်ဆီးခဲ့ရပါတယ်။ တစ်ခါ ၂၀၁၉ ခုနှစ်မှာကျတော့ မိုးခေါင်တဲ့ဒဏ်ခံခဲ့ရလို့ သီးနှံတွေ ဆုံးရှုံးခဲ့ရပြီး အခု ၂၀၂၀ခုနှစ်မှာလည်း မိုးခေါင်ပြန် တာကြောင့် စိုက်ပျိုးထားတဲ့သီးနှံပင်တွေ မအောင်တော့ဘဲ မြေလှန် ဖျက်ဆီး ပြစ်ကြရတော့မှာပါ”ဟု ကံသာကြီးကျေးရွာမှ တောင်သူ ဦးဝင်းနိုင် က သြဂုတ်လ(၉)ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံကာ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကံသာကြီးကျေးရွာနှင့် ဆက်စပ်ကျေးရွာများဖြစ်သည့် ဒေါင်းနေ၊ မြေပြာကန်၊ တဲကြီးကုန်း၊ အင်တိုင်းကြီး၊ ကံသစ်၊ ရွာဟောင်းကန်၊ လွန်မြတ်ကန်၊ ကံသာလေး၊ ညောင်ပင်သာ စသည့် ကျေးရွာများရှိ စိုက် ခင်းအချို့တွင်လည်း ကံသာကြီးကျေးရွာကဲ့သို့ကြုံတွေ့နေကြရပြီး မိုးလုံလောက်စွာ မရရှိသောကြောင့် ရိတ်သိမ်းချိန်ဖြစ်သည့် ရက်(၉၀)သားအရွယ်သို့ ရောက်ရှိသည့်တိုင် အပွင့် အသီးတင်သည်ဆိုရုံမျှသာ ရှိသဖြင့် မြေလှန်ဖျက်စီးကြရတော့မည်ဖြစ်ကြောင်း သိရသည်။
“ဘတို့တစ်သက်မှာ ဒီလိုမျိုး ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဘူးတော့ တုန်လှုပ်နေမိပါတယ်။ ကလေး တွေကို ယာလုပ်ဟ လို့ ခိုင်းရမှာကိုပဲ အင်မတန်ခဲယဉ်းသွားပါပြီ။ နိုင်ငံတော်က ရေရရှိဖို့ ရေသွယ် စနစ်လေး ဆောင်ရွက်ပေးတာတို့၊ မျိုးထုတ်ပေးတာတို့၊ စိုက်ပျိုးစရိတ် ထုတ်ချေးပေးတာတို့ ပြုလုပ်ပေး မှသာ တောင်သူအလုပ်ဆက်လုပ်နိုင်မှာဖြစ်ပြီး နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာဖြစ်သလို တောင်သူတွေရဲ့ အခက်အခဲကိုလည်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်”ဟု အသက်(၇၇)နှစ်အရွယ်ရှိ တောင်သူကြီး ဦးမြရှိန် က ပြောသည်။
မကွေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကွင်းဆင်း၍ ပျက်စီးသီးနှံစာရင်း များ ကောက်ယူမှု ရှိနေသော်လည်း ယခင်နှစ်ကကဲ့သို့ တစ်ဧကလျှင် ကျပ်(၄၀၀၀/၅၀၀၀)နှုန်းဖြင့်သာ ကူညီထောက်ပံ့မှုမျိုးပြုလုပ်မည်ဆိုပါက ထိရောက်မှုမရှိမည်ကို တောင်သူများ စိုးရိမ်နေကြကြောင်း သိရသည်။
သီးနှံမအောင်သဖြင့် နှမ်း(၁)ဧကလျှင် ကျပ်(၂)သိန်းဝန်းကျင်နှုန်း ဆုံးရှုံးသဖြင့် စိုက်ဧက အနည်းအများအလိုက် တောင်သူတစ်ဦးလျှင် ကျပ် (၁၅)သိန်းမှ (၂၅)သိန်းဝန်းကျင်ထိ ဆုံးရှုံးမှုနှင့် ကြုံတွေ့နေရပြီးနောက်သီးနှံစိုက်ရန်အတွက် မျိုးဖိုးနှင့် စိုက်ပျိုးရေးသွင်းအားစုများအတွက် ထုတ်သုံးရန် ရင်းနှီးငွေ မရှိကြတော့သည့်အပြင် (၃)နှစ်ဆက်တိုက် ဆုံးရှုံခဲ့ကြရ၍ ရယူထားကြသည့် စိုက်ပျိုးရေးချေးငွေများကိုလည်း ပြန်မဆပ်နိုင်တော့သည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်